၁၉၇၀ ပြည့်လွန်နှစ်တွေက တစ်ကမ္ဘာလုံးအုတ်အော်သောင်းနင်းဖြစ်ခဲ့တဲ့ ဝါးတားဂိတ်အရှုပ်တော်ပုံကြီးအပြီးမှာ အဲဒီတုန်းက အမေရိကန်သမ္မတ ရစ်ချတ်နစ်ဆင်ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။ ဒီဧရာမအရှုပ်တော်ပုံကြီးကို တစ်စတစ်စနဲ့ စတင်ဖော်ထုတ်ခဲ့ကြသူတွေကတော့ လက်တစ်ဆုပ်စာသာရှိတဲ့ စုံစမ်းဖော်ထုတ်သူ ဂျာနယ်လစ်တစ်စုပဲဖြစ်ပါတယ်။ သူတို့က အစိုးရအဖွဲ့အစည်းတွေကျူးလွန်ခဲ့တဲ့ သူလျှိုလုပ်မှုတွေနဲ့ လျှို့ဝှက်စစ်ဆင်ရေးတွေ၊ စီမံချက်တွေကို ဖော်ထုတ်ခဲ့ကြတယ်။ သူတို့ရဲ့သတင်းဖော်ထုတ်မှုတွေကြောင့် အမေရိကန်အစိုးရတွေဟာ ဘယ်လောက်တောင် လျှို့ဝှက်ကြံစည်ခဲ့ကြတယ်၊ ဝေဖန်သူတွေ အသံတိတ်အောင် ဘယ်လိုလုပ်ခဲ့ကြတယ်ဆိုတာ လူတွေသိလာရတယ်။ ဒါပေမယ့် လူထုကြီးက အမှန်တရားကို အမြဲတောင်းဆိုပြီး ဒီလိုတောင်းဆိုတိုင်းလည်း ဒီမိုကရေစီဟာ ပိုပြီးအားကောင်းလာတတ်ပါတယ်။ အမှန်တရား ဖော်ထုတ်မှုကြောင့် အခြေအနေတွေ ရှုပ်ထွေးပြီး မမျှော်လင့်တာတွေဖြစ်တတ်ပေမယ့် ဒီအရာကဒီမိုကရေစီကို အားနည်းအောင်လုပ်တာမဟုတ်ဘဲ အားကောင်းလာအောင် လုပ်ပေးတယ်ဆိုတာကို သတိချပ်သင့်ပါတယ်။
နစ်ဆင်ရာထူးကနေထွက်ရတဲ့အချက်က နိုင်ငံရေးအင်စတီကျူးရှင်းတွေနဲ့ ခေါင်းဆောင်တွေဟာ အမှန်တရား၊ အရှိတရားအပေါ် ဘယ်လိုတာဝန်ယူ တုံ့ပြန်ဆောင်ရွက်ကြတယ်ဆိုတာကို ဖော်ပြနေတာဖြစ်တယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ နိုင်ငံရေးသီအိုရီပညာရှင် ရောဘတ်ဒါးလ်ရဲ့ စကားတစ်ခွန်းကို ကိုးကားချင်ပါတယ်။ “ခေါင်းဆောင်တွေက လူထုအသံကို တာဝန်ခံပြီး တုံ့ပြန်ဆောင်ရွက်ပေးမှသာ ဒီမိုကရေစီရှင်သန်မှာဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲတွေကျင်းပနေရုံသက်သက်မဟုတ်ဘူး။ လူထုအသံနားထောင်တာ၊ ပြန်လည်ဖြေရှင်း၊ တုံ့ပြန်ဆောင်ရွက်ပေးတာနဲ့ ကတိကဝတ်တွေဖောက်ဖျက်တဲ့အခါ လိုအပ်သလို အရေးယူဆောင်ရွက်ရတာတွေ ပါဝင်မှသာ ဒီမိုကရေစီစစ်မှာ ဖြစ်တယ်။”
မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီရှင်သန်ရင့်မာစေဖို့ လူထုက အသံထုတ်ပေးဖို့လိုအပ်သလို လူထံအသံကို အစိုးရကြားအောင်လုပ်ပေးမယ့် မီဒီယာတွေ၊ လူသိရှင်ကြား ကြားနာစစ်ဆေးမှုတွေနဲ့ ဥပဒေကြောင်းအရအထိန်းအကွပ်တွေလည်း အားကောင်းဖို့လိုပါတယ်။ ပြည်သူတွေဟာ စကားပြောတဲ့ခေါင်းဆောင်တွေချည်းပဲ လိုအပ်တာမဟုတ်ပါဘူး။ လူထုအသံနဲ့ လိုလားချက်ကို ကောင်းကောင်းနားထောင်ပြီး တုံ့ပြန်ဆောင်ရွက်ပေးတဲ့ ခေါင်းဆောင်တွေလည်း အထူးလိုအပ်ပါတယ်။
တာဝန်ခံမှုနဲ့ တုံ့ပြန်ဆောင်ရွက်မှုဆိုတာ အစိုးရရဲ့ ကိစ္စသက်သက်မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ အခြေခံနိုင်ငံသားအခွင့်အရေးလည်း ဖြစ်ပါတယ်။ တာဝန်ခံမှုကို အလွှာအသီးသီးမှာ အားကောင်းလာအောင် အခုအခြေအနေမှာ ဘာတွေလုပ်လို့ရမလဲ၊ ဘာတွေကို ကြိုပြင်ထားသင့်သလဲဆိုတာတွေကိုလည်း စဉ်းစားထားဖို့လိုပါတယ်။