ဒီဆောင်းပါးမှာတော့ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံတစ်ခုဟာ ဘယ်အတိုင်းအတာအထိ အာဏာနဲ့ အရင်းအမြစ်တွေကို ခွဲဝေပေးသလဲ ဆိုတဲ့ ဖက်ဒရယ်စနစ်ရဲ့ အနုအရင့်၊ အတိမ်အနက်ကို တိုင်းတာနိုင်မယ့်နည်းလမ်းတွေကို အကျဥ်း ဆွေးနွေးသွားပါမယ်။
နိုင်ငံရေးဆိုင်ရာ ဖက်ဒရယ်စံနှုန်းများ (Political Parameters)
အချုပ်အခြာအာဏာ – အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး ဘယ်သူကနောက်ဆုံးအဆုံးအဖြတ်ပေးနိုင်သလဲ၊ ဗဟိုအစိုးရကလား၊ ပြည်နယ်တွေကလား၊ စုပေါင်းဆုံးဖြတ်ကြသလား။
ဖွဲ့စည်းပုံအရအာမခံချက် – ဖက်ဒရယ်ယူနစ်တွေရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအကျ ပြဋ္ဌာန်းသတ်မှတ်ပေးထားသလား၊ ဒါမှမဟုတ် ဗဟိုအစိုးရက စိတ်ကူးတည့်သလို ခွဲဝေပေးတာမျိုးလား၊ (ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဗဟိုမှ အာဏာကို ခွဲဝေဖြန့်ချပေးခြင်းများနှင့် ကွဲလွဲသည့်နေရာ)။
နောက်ကြောင်းပြန်နိုင်မှု – ဗဟိုအစိုးရက ခွဲဝေပေးထားပြီးသည့် အာဏာနှင့် လုပ်ပိုင်ခွင့်များကို ပြန်လည်ရုပ်သိမ်းပိုင်ခွင့်ရှိသလား။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် – ဖက်ဒရယ်ဝင်ပြည်နယ်တွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေမှာ ယဥ်ကျေးမှု၊ဘာသာစကားနဲ့ လုံခြုံရေးကိစ္စလိုမျိုးတွေမှာ ကိုယ်ပိုင်ဆုံးဖြတ်ပြဋ္ဌာန်းခွင့်ရှိသလား။ ဘယ်လောက်ရှိသလဲ။

ပဋိပက္ခဖြေရှင်းရေးယန္တရား – ဖက်ဒရယ်ယူနစ်အချင်းချင်း၊ ဗဟိုနဲ့ပြည်နယ်တွေကြား ပြဿနာတက်တဲ့အခါ ဘယ်လိုဖြေရှင်းဖို့ စနစ်တွေရှိသလဲ၊ သီးခြားလွတ်လပ်တဲ့ တရားရုံး၊ ခုံရုံးတွေရှိသလား။ ဖွဲ့စည်းပုံမှာ ဘယ်လိုထည့်သွင်းပြဋ္ဌာန်းထားသလဲ။
စီးပွားရေးဆိုင်ရာ ဖက်ဒရယ်စံနှုန်းများ (Economic Parameters)
ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့် – အခွန်အကောက်နဲ့ ဘတ်ဂျက်ခွဲဝေမှုတွေကို ဘယ်သူကထိန်းချုပ်စီမံသလဲ၊ ဗဟိုအစိုးရကလား၊ ပြည်နယ်တွေကလား၊ စုပေါင်းဆုံးဖြတ်ကြသလား။
သယံဇာတနဲ့ အရင်းအမြစ်စီမံခန့်ခွဲမှု – မြေ၊ သယံဇာတတွေနဲ့ အရင်းအမြစ်တွေကို ဘယ်လိုခွဲဝေပိုင်ဆိုင်သလဲ၊ လုပ်ပိုင်ခွင့်တွေကို ဘယ်သူကချပေးသလဲ။
ဓနပြန်လည်ခွဲဝေမှု – ချမ်းသာသူတွေနဲ့ ဆင်းရဲသူတွေကြားမှာ ဓနကိုဘယ်လိုပြန်လည်ခွဲဝေဖို့ စီမံထားသလဲ။
ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ခွင့် – စီးပွားရေးဖွံဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒတွေကို ဘယ်သူက၊ ဘယ်လိုချမှတ်သလဲ။
အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများ – ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အဦးစတဲ့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကို ဘယ်သူက တာဝန်ယူဆောင်ရွက်ပေးသလဲ။
အောက်ဖော်ပြပါ ဂရပ်ဖ်မှာ အာဏာခွဲဝေကျင့်သုံးမှု အတိမ်အနက်ကို X နဲ့ Y ဝင်ရိုးနှစ်ခုပေါ်မှာ တင်ပြထားပြီး ဥပမာနိုင်ငံအချို့ကို ထည့်သွင်းပေးထားပါတယ်။ ဒီနေရာမှာ ထူးခြားချက်တစ်ခုကတော့ နိုင်ငံရေး (အချုပ်အခြာအာဏာ) နဲ့ စီးပွားရေးလုပ်ပိုင်ခွင့် အာဏာခွဲဝေကျင့်သုံးမှုတွေဟာ များသောအားဖြင့် အချိုးညီလေ့ရှိတာကို တွေ့နိုင်ပါတယ်။ ဆိုလိုတာက နိုင်ငံရေးအရ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိပြီး စီးပွားရေးကဏ္ဍဆုံးဖြတ်ခွင့် အားနည်းတာမျိုး၊ စီးပွားရေးနဲ့ သယံဇာတကို လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကြတော့ ရှိမနေတာမျိုးတွေဟာ ရေရှည်မှာ မဖြစ်နိုင်တဲ့အတွက် အဲဒီအကွက်တွေမှာ နိုင်ငံတွေရှိမနေတာ ဖြစ်ပါတယ်။