
Civic M ကလတ်တလောတင်ဆက်နေတဲ့ ဖက်ဒရယ်ဝါဒခေါင်းစဥ်အောက်မှာ သိသင့်သိထိုက်တဲ့ အချက်တွေကို ဆောင်းပါးတွေ၊ ပို့စ်တွေနဲ့ ဆက်တိုက်ဆွေးနွေး တင်ဆက်လျက်ရှိရာမှာ ဒီပို့စ်မှာတော့ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေကြားက အဆက်အစပ်ကို အကျဥ်းတင်ပြချင်ပါတယ်။
ဖက်ဒရယ်မရှိတဲ့ ဒီမိုကရေစီ – လူမျိုးရေးအမှတ်လက္ခဏာတွေနဲ့ နိုင်ငံရေးရပ်တည်မှုတွေ အပိုင်းပိုင်းကွဲပြားတည်ရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ ဖက်ဒရယ်စနစ်မပါတဲ့ ဒီမိုကရေစီဟာ ပေါက်သူအကုန်ယူ ပုံစံမျိုးဖြစ်ပြီး၊ အရင်ကရှိခဲ့တဲ့ မယုံကြည်မှုတွေနဲ့ နာကျည်းချက်တွေကို မဖြေရှင်းနိုင်ရုံသာမက ပိုလို့တောင် ဆိုးရွားသွားစေနိုင်ပါတယ်။
ဒီမိုကရေစီမပါတဲ့ ဖက်ဒရယ် – ဒီမိုကရေစီ အခြေခံအဆောက်အဦတွေနဲ့ လက်တွေ့ကျင့်သုံးမှုတွေရှိမနေဘဲ ဖက်ဒရယ်ကိုပဲ ဦးတည်သွားတဲ့အခါမှာလည်း ဖက်ဒရယ်ဆိုတာ အင်အားကြီးသူတွေ၊ လက်နက်ရှိသူတွေနဲ့ အီလစ်(elites)တွေအချင်းချင်း အမွေခွဲကြတဲ့ပုံစံမျိုးဖြစ်သွားလေ့ရှိပြီး စာရွက်ပေါ်မှာဖတ်ကောင်းသော်လည်း လက်တွေ့မှာ လူတိုင်း၊ လူမျိုးစုတိုင်းတန်းတူအကျိုးခံစားခွင့်မရတာမျိုး ဖြစ်လေ့ရှိပါတယ်။
ဘာ့ကြောင့် ဒီမိုကရေစီက ဖက်ဒရယ်ထက်ပိုပြီး ရင့်ကျက်ဖို့လိုတာလဲ?
ဖက်ဒရယ်စနစ်ဆိုတာ အာဏာ (အချုပ်အခြာအာဏာအပါအဝင် ပြဋ္ဌာန်းခွင့်နဲ့လုပ်ပိုင်ခွင့်တွေ)ကို ဘယ်လိုမျှဝေကြမလဲဆိုတာ ဆုံးဖြတ်တာဖြစ်ပြီး ဒီမိုကရေစီစနစ်ကတော့ ယုံကြည်မှုကို (အစိုးရနဲ့ ပြည်သူကြား၊ လူ့အဖွဲ့အစည်းထဲက မတူညီတဲ့ အဖွဲ့ဝင်အသီးသီးအကြား) ဘယ်လိုမျှဝေကြမလဲဆိုတာကို ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒီနေရာမှာ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲတွေအပြင် တန်းတူညီမျှစွာပါဝင်နိုင်မှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှုပုံစံတွေအားလုံးကို ဆိုလိုပါတယ်။ ဒါတွေမရှိဘဲ ဟန်ကျပန်ကျ ညီညွှတ်မျှတတဲ့ ဖက်ဒရယ်စနစ်တစ်ခုဖြစ်ဖို့မလွယ်ကူပါဘူး။
ဒီမိုကရေစီမရှိဘဲ သို့ မရင့်ကျက်ဘဲ ဖက်ဒရယ်စနစ်ကို စမ်းသပ်ခဲ့ကြတဲ့နိုင်ငံတွေမှာ ကတိကဝတ်တွေ အလွယ်ချိုးဖောက်ခံရတာ၊ လူနည်းစုတွေ လျစ်လျူရှုခံရတာနဲ့ ကတိကဝတ်တွေမတည်တဲ့အခါ တခြားဖြေရှင်းစရာစနစ်တွေနဲ့ အင်စတီကျူးရှင်းတွေမရှိလို့ (အားမကောင်းလို့) တစ်ခါတည်း လက်နက်ကိုင် ပဋိပက္ခချောက်ထဲကို တန်းကျသွားလေ့ရှိတတ်ပါတယ်။ သမိုင်းတစ်လျှောက် ဥပမာတွေ အများကြီးရှိရာမှာ ထင်ရှားတာတွေက ပြည်တွင်းစစ်ကာလ အမေရိကန်ပြည်ထောင်စု၊ ၁၉၆၀ပြည့်အလွန် နိုင်ဂျီးရီးယား၊ ပါကစ္စတန်ပြည်တွင်းစစ်နဲ့ ဘင်္ဂလားဒေ့ရှ်အကွဲ၊ နောက်ဆုံး ယူဂိုဆလားဗီးယားစတာတွေဟာ ထင်ရှားပါတယ်။ ဒီမိုကရေစီအခြေခံဖြစ်တဲ့ တာဝန်ခံယူမှု၊ အပေးအယူလုပ်ညှိနှိုင်းနိုင်မှု၊ ကိုယ်စားပြုမှုနဲ့ ပဋိပက္ခဖြေရှင်းရေးယန္တရားတွေခိုင်မာအားကောင်းခြင်းမရှိခင် ကျင့်သုံးခဲ့ကြတဲ့ မအောင်မြင်တဲ့ ဖက်ဒရယ်စမ်းသပ်မှုတွေဖြစ်ပါတယ်။
Civic M ပရိတ်သတ်တွေအတွက် နောက်ထပ်ဆောင်းပါးတွေမှာ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီကြားအဆက်အစပ်တွေကို ဆက်လက်ဆွေးနွေးတင်ဆက်သွားမှာဖြစ်ပြီး အထက်မှာညွှန်းခဲ့တဲ့ ဒီမိုကရေစီအခြေခံအဆောက်အဦတွေအကြောင်းကို ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ပရိတ်သတ်တွေအနေနဲ့လည်း မိမိတို့အတွေးအမြင်တွေကို မျှဝေနိုင်ပြီး အထူးဆွေးနွေးစေလိုတဲ့ အကြောင်းအရာတွေရှိရင်လည်း အသိပေးနိုင်ပါကြောင်း ပြောကြားလိုပါတယ်။