ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအချို့နှင့် အတွေ့အကြုံများ
Civic M ကလတ်တလောတင်ဆက်နေတဲ့ ဖက်ဒရယ်ဝါဒခေါင်းစဥ်အောက်မှာ ဖက်ဒရယ်စနစ်အမျိုးမျိုးနဲ့ လက်တွေ့ကျင့်သုံးမှုပုံစံတွေ၊ ဆက်စပ်တဲ့နိုင်ငံရေးအတွေးအခေါ်တွေနဲ့ ဖက်ဒရယ်အခြေခံနှစ်မျိုးဖြစ်တဲ့ အတွင်းပေါင်းစည်းမှု ဖက်ဒရယ် (Holding together federal) နဲ့ အပြင်ပေါင်းစည်းမှုဖက်ဒရယ် (Coming together federal) စတဲ့ သိသင့်သိထိုက်တဲ့အချက်တွေကို ဆောင်းပါးတွေ၊ ပို့စ်တွေနဲ့ ဆက်တိုက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီပို့စ်မှာတော့ ဖက်ဒရယ်စနစ်နဲ့ ဖက်ဒရယ်အတွေးအခေါ်တွေကို တင်ပြမယ့်ဆောင်းပါးတွေကို အထောက်အကူပြုပြီး Civic M ပရိတ်သတ်တွေ အလွယ်တကူရှာမှီးနိုင်မယ့် ဗဟုသုတဖြစ်ဖွယ် အချက်တွေကို တင်ဆက်ပေးသွားမှာပါ။ ဒီတစ်ခါမှာတော့ ဖက်ဒရယ်ဗဟုသုတအဖြစ် ကမ္ဘာပေါ်မှာ ဖက်ဒရယ်ကျင့်သုံးတဲ့ နိုင်ငံသုံးခုနဲ့ မတူညီတဲ့ ဖြစ်တည်မှုတွေအကြောင်းကို အကျဥ်းမိတ်ဆက်ပေးသွားပါမယ်။
လမ်းချော်သွားသော ဖက်ဒရယ်နိုင်ငံတစ်ခု- ယူဂိုဆလားဗီးယား
တစ်ချိန်က လူမျိုးစုတွေနဲ့ ဒေသဆိုင်ရာတွေအကြားမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အတိုင်းအတာတစ်ခုအထိ အောင်အောင်မြင်မြင်ကျင့်သုံးနိုင်ခဲ့တဲ့ ယူဂိုဆလားဗီးယားရဲ့ ဖက်ဒရယ်စနစ်ဟာ ၁၉၉၀ မှာ ရင်နာဖွယ် ကျဆုံးခဲ့ရပါတယ်။ ကာလရှည်မဖြေရှင်းနိုင်ခဲ့တဲ့ ပွတ်တိုက်မှုတွေ၊ ဖက်ဒရယ်အဖွဲ့ဝင် ရီပတ်ဘလစ် (Republic) တွေကြား ပဋိပက္ခတွေကို ဖြေရှင်းဖို့၊ ကာကွယ်ဖို့ သင့်တော်တဲ့ ယန္တရားစနစ်တွေရှိမနေတာ၊ အာဏာခွဲဝေပုံ မညီမျှတာတွေကြောင့် နိုင်ငံရေးပဋိပက္ခတွေဟာ တစ်စစီပြိုကွဲပျက်စီးဖို့ အကြောင်းရင်းခံတွေ ဖြစ်ခဲ့ကြပါတယ်။ နောက်ဆုံး ဖက်ဒရယ်နိုင်ငံရေးစနစ်ကြီး ဘုံးဘုံးလဲ ကျဆုံးတဲ့အချိန်မှာ ပြင်းထန်တဲ့ ပြည်တွင်းစစ်၊ လူ့အသိုက်အဝန်းကြီးတစ်ခုလုံး ထိခိုက်ကြေမွရမှုနဲ့ ဆင်းရဲမွဲတေမှုတွေကို ကပ်ဆိုးကြီးတွေလို ရင်ဆိုင်ခဲ့ရတယ်။ ယနေ့မှာတော့ ဖက်ဒရယ်စနစ်တွေ လမ်းမှားချွတ်ချော်ခဲ့ရင် ဘယ်လောက်အထိ ထိခိုက်ပျက်ဆီးနိုင်တယ်ဆိုတာကို သက်သေသင်ခန်းစာအနေနဲ့ ယူဂိုဆလားဗီးယားကို အမြဲတမ်းအမှတ်ရနေကြပါတယ်။
ရှင်သန်နေသော ဖက်ဒရယ်စံပြုနိုင်ငံတစ်ခု- အိန္ဒိယ
၁၉၄၇ လွတ်လပ်ရေးရပြီးတဲ့နောက် ဖက်ဒရယ်စနစ်ကို နိုင်ငံပြုစနစ်အဖြစ်ရွေးချယ်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ စိန်ခေါ်မှုတွေ၊ အန္တရာယ်ထောင်ချောက်တွေအများကြီးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ အဓိကစိန်ခေါ်မှုတွေကတော့ များပြားလှတဲ့ တိုင်းရင်းသားလူမျိုးစုတွေရှိနေမှု၊ ဘာသာစကားအမျိုးမျိုး၊ လူမှုရေးနဲ့ စီးပွားရေးအဆင့်အတန်းတွေ အလွန်အမင်း ကွဲပြားကွာဟနေမှု စတဲ့အချက်တွေပါပဲ။ အိန္ဒိယဖက်ဒရယ်စနစ်မှာ ပြည်နယ်တွေဟာ မိမိတို့သက်ဆိုင်ရာဒေသတွေရဲ့ ယဥ်ကျေးမှု၊ လူမျိုးရေးအမှတ်လက္ခဏာတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး အုပ်ချုပ်ရေးနဲ့ ဗျူရိုကရေစီယန္တရားမှာ အာဏာကို ခွဲဝေကျင့်သုံးကြခြင်းအားဖြင့် နိုင်ငံတစ်ခုရဲ့ အမျိုးသားအမှတ်လက္ခဏာကို စုပေါင်းထိန်းသိမ်းကြပါတယ်။ ဆယ်စုနှစ်တွေအများကြီးကြာအောင် ဒီသိမ်မွေ့ပြီး ထိရှလွယ်တဲ့ ဟန်ချက်ကို အောင်အောင်မြင်မြင်ထိန်းထားနိုင်ခဲ့လို့ အိန္ဒိယရဲ့ နိုင်ငံရေးစနစ်ဟာ သူ့ရဲ့ မတူကွဲပြားမှုအစုအဝေးနဲ့ ယှဥ်ပြီးကြည့်ရင် အလွန်ပဲတည်ငြိမ်တယ်လို့ ဆိုနိုင်ပါတယ်။ ပြီးတော့ ဆင်းရဲတွင်းမှ လွတ်မြောက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုကိုလည်း အဓိကအထောက်အပံ့ ဖြစ်စေပါတယ်။ ယနေ့ကာလမှာ ကမ္ဘာ့ထိပ်တန်းအင်အားကြီးနိုင်ငံတစ်ခုအဖြစ် ခြေလှမ်းမှန်မှန် တက်လှမ်းလာနေတဲ့ အိန္ဒိယကိုကြည့်ပြီး ဖက်ဒရယ်စနစ်ကို အောင်မြင်အောင်ကျင့်သုံးနိုင်ခဲ့ရင် ပြည်တွင်းစစ်နဲ့တကွ ပဋိပက္ခပေါင်းစုံကို ထိရောက်စွာရှောင်ရှားနိုင်ပြီး ငြိမ်းချမ်းမှုနဲ့ အောင်မြင်မှုကို ဆောင်ကျဉ်းနိုင်တယ်ဆိုတာကို သိမြင်နိုင်ပါတယ်။
မပြီးဆုံးသေးတဲ့ ဖက်ဒရယ်ဒီမိုကရေစီပရောဂျက်- နီပေါ
ရာစုနှစ်ပေါင်းများစွာ သက်ဦးဆံပိုင်ဘုရင့်နိုင်ငံတစ်ခုဖြစ်ခဲ့တဲ့ နီပေါဟာ ၂၀၁၅ မှာ ဖက်ဒရယ်ဖွဲ့စည်းပုံတစ်ခုကိုပြဋ္ဌာန်းပြီး ဖက်ဒရယ်ဒေသကြီး ခုနစ်ခုနဲ့ နိုင်ငံကို ပြန်လည်ဖွဲ့စည်းခဲ့ကြတယ်။ ဒီဖက်ဒရယ်စနစ်က ကာလရှည်ကြာ ပြဿနာတက်ခဲ့တဲ့ လူမျိုးရေး၊ ဒေသဆိုင်ရာနဲ့ ဇာတ်စနစ်ရဲ့ မညီမျှမှုတွေဖြေရှင်းကုစားဖို့ ကြိုးစားတာလည်းဖြစ်ပါတယ်။ ဒီ့မတိုင်ခင်က သမိုင်းတစ်လျှောက်အဖိနှိပ်ခံ အနှိမ်ခံ လူမျိုးစုငယ်တွေက ပုန်ကန်ထကြွကြပြီး အခြေခံလူထုကြီးကလည်း အများပါဝင်နိုင်တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးကို တောင်းဆိုခဲ့ ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဆယ်စုနှစ်တစ်ခုလောက် ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ကြတယ်။ နီပေါရဲ့ ဖက်ဒရယ်စမ်းသပ်မှုဟာ အဆုံးသတ်ရလာဒ်မပေါ်သေးပဲ ဆက်လက်ကြိုးစားရုန်းကန်နေဆဲ လှုပ်ရှားမှုတစ်ခုလည်း ဖြစ်နေပါတယ်။ ဖက်ဒရယ်ယူနစ်တွေကြား မရှင်းလင်းသေးတဲ့ အာဏာခွဲဝေမှုပုံစံတွေ၊ ဗဟိုနဲ့ ဒေသန္တရအစိုးရတွေရဲ့ ပွတ်တိုက်မှုတွေ၊ ဘဏ္ဍာရေးအရ ခွဲဝေမှုမညီမျှမှု၊ မရှင်းလင်းမှုစတဲ့ ပြဿနာတွေလည်း များစွာရှိပါသေးတယ်။ ဒါပေမယ့် ပဋိပက္ခအလွန်နိုင်ငံတစ်ခုမှာ အခုထိအလုပ်ဖြစ်နေသေးတဲ့ ပူပူနွေးနွေးဖက်ဒရယ်နိုင်ငံတစ်ခုဖြစ်တဲ့ နီပေါဟာ မြန်မာနိုင်ငံကနေလှမ်းမျှော်လေ့လာစောကျောသင့်တဲ့ အသက်ဝင်နေဆဲ ဖက်ဒရယ်ကြိုးပမ်းလှုပ်ရှားမှုတစ်ခုလည်း ဖြစ်ပါတယ်။
Civic M ကနေဖက်ဒရယ်နဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို နောက်ပိုစ့်တွေမှာလည်း ဆက်လက်မျှဝေပေးသွားမှာဖြစ်ပါတယ်။
Audio Book နားထောင်ရန်
ဆက်စပ်ဆောင်းပါးများ
2 mins read
ဖက်ဒရယ်စနစ်နှင့် သံတူကြောင်းကွဲနိုင်ငံရေးစနစ်များ
ပိုမိုဖတ်ရှုရန်2 mins read
ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအချို့နှင့် အတွေ့အကြုံများ
ပိုမိုဖတ်ရှုရန်2 mins read
အတွင်းပေါင်းစည်းမှု ဖက်ဒရယ်၏ လာရာနှင့်လားရာ
ပိုမိုဖတ်ရှုရန်2 mins read
ဖက်ဒရယ်ဝါဒ မူလအရင်းအမြစ်ပုံစံနှစ်မျိုး
ပိုမိုဖတ်ရှုရန်2 mins read
ဖက်ဒရယ်ဝါဒ အခြေခံ
ပိုမိုဖတ်ရှုရန်2 mins read
တန်းတူညီမျှမှုဆိုင်ရာ ဝိရောဓိများ
ပိုမိုဖတ်ရှုရန်2 mins read
တန်းတူညီမျှမှု (Equality) ဆိုတာဘာလဲ?
ပိုမိုဖတ်ရှုရန်2 mins read
ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း (Peaceful Coexistence)
ပိုမိုဖတ်ရှုရန်2 mins read
တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ
ပိုမိုဖတ်ရှုရန်2 mins read