
Civility ဆိုတာ နိုင်ငံသားတွေ မဖြစ်မနေပြုမူရမယ့် ယဉ်ကျေးရည်မွန်တဲ့ အပြုအမူတစ်ရပ်ကိုဆိုလိုတာဖြစ်ပါတယ်။ ယဉ်ကျေးခြင်း (Politeness) နဲ့ မတူပါဘူး။ ယဉ်ကျေးခြင်းဆိုတာ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် အစရှိတဲ့ အပေါ်ယံကြော လူမှုဆက်ဆံရေးပုံစံတစ်ခုပါပဲ။ ယဉ်ကျေးရည်မွန်ခြင်း (Civility) ဆိုတာ ကိုယ်နဲ့အယူအဆခြင်းမတူ၊ အမြင်ခြင်းမတူတဲ့သူတွေအပေါ် ရည်မွန်စွာဆက်ဆံပြောဆိုတဲ့အပြုအမူတစ်ရပ်ကို ဆိုလိုပါတယ်။
အလွယ်ပြောရရင်တော့ ယဉ်ကျေးရည်မွန်ခြင်း (Civility) ဆိုတာ Disagree with respect ပါတဲ့။ လုံးဝကွဲလွဲပြီး သဘောမတူကြသော်လည်း နှစ်ဦးနှစ်ဖက်ဂုဏ်သိက္ခာရှိရှိ ပြုမူပြောဆိုဆက်ဆံခြင်းကို ဆိုလိုပါတယ်။ လူနှစ်ဦး၊ အုပ်စုနှစ်ခုကြားထဲမှာ ကွဲပြားခြားနားမှုဆိုတာ ဘာမှမရှိဟန်ဆောင်တာမျိုးလည်းမဟုတ်ပါဘူး။ သဘောမတူသော်လည်း နှုတ်ဆိတ်တာ၊ ဘာမှပြန်မပြောဘဲ ယဉ်ကျေးရည်မွန်စွာ ဆက်ဆံပေးခြင်းမျိုးလည်း မဟုတ်ပါဘူး။
ယဉ်ကျေးရည်မွန်ခြင်း (Civility) ဆိုတာ ကိုယ်အယူအဆကို ခိုင်ခိုင်မာမာပြောပြီး ရပ်တည်တယ်။ ဒါပေမယ့် တစ်ဖက်သားကို အသေအချာ ဂရုစိုက်ဆက်ဆံတယ်။ အသေအချာ ဂရုစိုက်ပြောတာမျိုးပါပဲ။ ကိုယ်နဲ့လုံးဝသဘောထား မကိုက်ညီသူဖြစ်ပေမယ့်လည်း သူ့ရဲ့ လူသားဂုဏ်သိက္ခာကို အသိအမှတ်ပြု ဆက်ဆံပေးတာကို ဆိုလိုပါတယ်။
အားလုံးသိကြတဲ့အတိုင်းပါပဲ။ ဒီမိုကရေစီဆိုတာ သဘောထားကွဲပြားမှု (Disagreement) အပေါ်ကို အခြေခံပြီး တည်ဆောက်ထားတာပါ။ ကွဲပြားခြားနားတဲ့ အတွေးအခေါ်၊ အယူအဆ၊ လုပ်ပုံကိုင်ပုံတွေဟာ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ သဘာဝ အခြေအနေတစ်ရပ်ဖြစ်တယ်ဆိုတာကို ဒီမိုကရေစီကယုံကြည်ပါတယ်။
ဒါပေမယ့် ကျန်းမာသန်စွမ်းတဲ့ ဒီမိုကရေစီတစ်ခုဖြစ်ဖို့ဆိုတာ အဲဒီလို သဘောမတူညီမှုတွေချည်းနဲ့သာလျှင် တည်ဆောက်ထားလို့မရပါဘူး။ သဘောတူညီမှု၊ အမြင်ကွဲပြားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အကျိုးဖြစ်ထွန်းအောင် စီမံခန့်ခွဲနိုင်ဖို့၊ အုတ်မြစ်ချနိုင်ဖို့ အရေးကြီးပါတယ်။ ယဉ်ကျေးမှုရည်မွန်ခြင်းက ဒီသဘောကို ဖြစ်ပေါ်လာစေဖို့ရာ အကူအညီပေးပါတယ်။
ဒီမိုကရေစီဆိုတာ ဆွေးနွေးငြင်းခုံပြီး အတွေးအခေါ်တွေကို ဖလှယ်ရတာပါ။ ယဉ်ကျေးရည်မွန်မှုကင်းမဲ့ခြင်း (Incivility) က ကိုယ်နဲ့သဘောမတူသူတွေကို မကောင်းဆိုးဝါးအဖြစ်ပုံဖော်တာ၊ အသေရေဖျက်တာ၊ ဆဲဆိုတာတွေကိုဖြစ်ပေါ် စေပါတယ်။ ယဉ်ကျေးရည်မွန်ခြင်းကတော့ ခါးခါးသီးသီး ရန်လိုခြင်းထက် အဖြေကိုပူးပေါင်းရှာဖွေဖို့၊ အမုန်းတရားတွေကို ပယ်သတ်ပေးတဲ့အရာမျိုးပါ။ ဒီမိုကရေစီယဉ်ကျေးမှုအတွက် မရှိမဖြစ်အလေ့အကျင့်တစ်ခုပါပဲ။
ယဉ်ကျေးရည်မွန်ခြင်းကနေ တစ်ခုတည်းသော အဖြေထွက်ပေါ်လာခြင်းထက် ဘယ်လိုပြုမူကြမလဲ။ ဘယ်လို အလုပ်လုပ်ကြမလဲဆိုတဲ့စနစ် (System)ကို တန်ဖိုးထားကြောင်းပြသတဲ့အရာပါ။ လွတ်လပ်မှုကို အကာအကွယ်ပေးတဲ့အရာလည်း ဖြစ်ပါတယ်။