
ဒီမိုကရေစီအကြောင်းရေးထားတဲ့ စာအုပ်တွေမှာ အများအားဖြင့် ဒီမိုကရေစီဆိုတာ “ပြည်သူကအုပ်ချုပ်ခြင်း၊ ပြည်သူအတွက် အုပ်ချုပ်ခြင်း” လို့သာ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ အင်္ဂလိပ်လို Ruled by the people, for the people သာလျှင် ခေတ်စားပြီး လူသိများပါတယ်။
ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းမယ်ဆိုရင် ဒီမိုကရေစီကို သူ့ရဲ့ ဖွဲ့စည်းပုံ (Structure)အရ ဖွင့်ဆိုကြပါတယ်။ ဒီမိုကရေစီဆိုတာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲရှိခြင်း၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာသုံးရပ်ခွဲဝေထားခြင်း (Separation of powers) ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူတစ်ဦးချင်းစီရဲ့အခွင့်အရေးများကို ကာကွယ်ပေးခြင်းတို့ပါပဲ။
အထက်ပါ ဖွင့်ဆိုချက်တွေဟာ ဒီမိုကရေစီလို့ပြောလိုက်တာ လူအများစု နားယဉ်ပြီးသားအချက်တွေပါပဲ။ တစ်နည်းအားဖြင့် ဒီမိုကရေစီရဲ့ ကျောရိုး (Skeleton) အဖြစ်မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျောရိုးဟာ ဒီမိုကရေစီရဲ့ နှလုံးသားမရှိရင် ဘယ်လိုမှ အသက်မဝင်နိုင်ပါဘူး။
အခုပြောဆိုနေရတဲ့ ဒီမိုကရေစီအလေ့အကျင့်တွေ၊ တန်ဖိုးတွေဆိုတာ ဒီမိုကရေစီရဲ့ နှလုံးသားနဲ့ စိတ်ဝိညာဉ်ပါပဲ။ ဒီမိုကရေစီ အရိုးစုကြီးကို ကောင်းကောင်းမွန်မွန် အသက်ဝင်လာစေတဲ့ နှလုံးသားတွေထဲကတစ်ခုကတော့ စာနာနားလည်စိတ် (Empathy) ပါပဲ။
စာနာနားလည်စိတ်ဆိုတာ နေ့စဉ်ဘဝလူသားတွေအတွက်လည်း အရေးပါတဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် ဒီမိုကရေစီရှင်သန်ဖြစ်ထွန်းဖို့ ပိုပြီးတော့ အရေးပါတဲ့ နှလုံးသားတစ်ခုဖြစ်ပါတယ်။ စာနာနားလည်စိတ်ဆိုတာ တစ်ခြားသူတွေရဲ့ ခံစားချက်၊ အတွေ့အကြုံနဲ့ မတူညီတဲ့ ရှုထောင့်အမြင်တွေကို ဂရုစိုက်ပေးခြင်း၊ မျှဝေခံစားပေးခြင်းနဲ့ နားလည်ပေးခြင်းဖြစ်တယ်။
ဒီမိုကရေစီရဲ့ အနှစ်သာရတွေထဲကတစ်ခု ညှိနှိုင်းဆွေးနွေးပြီး အုပ်ချုပ်ကြရတာပါ။ တစ်ဦးရဲ့ခံစားချက်၊ ရှုထောင့်တွေကို နားလည်ပေးခြင်းက ဆွေးနွေးခြင်းကို သူနိုင်ငါရှုံး ငြင်းခုံခြင်းပုံစံကနေ ပြောင်းလဲပေးပါတယ်။ နိုင်ငံသားတွေ အချင်းချင်းကိုလည်း သူ့ဘက် ငါ့ဘက်သက်သက်ဖြစ်မသွားစေဘဲ တစ်ဖက်ရဲ့ ရှုထောင့်အမြင်နဲ့ခံစားချက်တွေကို နားလည်စေပါတယ်။
စာနာနားလည်စိတ်ရှိတဲ့နိုင်ငံသားတိုင်းဟာ ငါနဲ့မတူ ငါ့ရန်သူလို့မတွေးတော့ဘဲ၊ “သူတို့ဟာ ဘာကြောင့် ဒီလိုအမြင်မျိုးကို ကိုင်စွဲကြသလဲ” “သူတို့တွေရဲ့ ဘဝမှာ ဘယ်လိုတွေ့ကြုံခံစားရသလဲ” ဆိုတာမျိုးကိုတွေးပြီးနားထောင်ပေးပါတယ်။ နေ့စဉ်ဘဝရဲ့ ကောင်းမြတ်မှုပုံစံတစ်ခုဖြစ်တဲ့ စာနာနားလည်ခြင်းက ဒီမိုကရေစီမှာ တစ်ဖက်နဲ့တစ်ဖက်မျှတတဲ့ သဘောတူညီမှုရအောင် အားဖြည့်ပေးပါတယ်။ ကိုယ်နဲ့မတူတဲ့ဘက်တွေကို မကောင်းဆိုးဝါးလို ပုံဖော်ခြင်းကနေတားဆီးပေးတယ်။ ပြဿနာရဲ့ အဖြေတွေကို တီထွင်ဖန်တီးနိုင်စွမ်း ရှိအောင်လုပ်ပေးပါတယ်။
ဒီမိုကရေစီရဲ့ အနှစ်သာရ နောက်တစ်ခုက လူအများစုနဲ့ လူနည်းစုရဲ့ အမြင်တွေ၊ ခံစားချက်တွေကို ဟန်ချက်ညီအောင် ထိန်းသိမ်းပေးရပါတယ်။ တစ်ဖက်နဲ့တစ်ဖက် စာနာနားလည်မှုမရှိဘဲနဲ့ ဒီဟန်ချက်ကို ရေရှည်ထိန်းသိမ်းပေးနိုင်စွမ်းမရှိပါဘူး။ စာနာနားလည်မှုဆိုတာ လူအများစုအာဏာရှင်စနစ်ကို ကုသပေးတဲ့ ပဋိဇီဝဆေးတစ်မျိုးပါပဲ။