၂၀၁၄ ခုနှစ်က ပါကစ္စတန်နိုင်ငံက မာလာလာယူဆာဖ်ဇိုင်းဆိုတဲ့ မိန်းမငယ်ကလေးတစ်ဦးဟာ ကမ္ဘာ့အသက် အငယ်ဆုံး နိုဗယ်လ်ငြိမ်းချမ်းရေးဆုရတဲ့သူဖြစ်လာပါတယ်။ သူမရဲ့ခွန်အားကောင်းလှတဲ့ သတင်းစကားဟာ သူမကိုးကွယ်ယုံကြည်တဲ့ မွတ်စလင်အသိုင်းအဝိုင်းရဲ့ပြင်ပအထိ ပျံ့နှံ့သွားခဲ့တယ်။ သူမနဲ့အတူ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ပူးတွဲရရှိတဲ့ အိန္ဒိယနိုင်ငံက ဟိန္ဒူသာသာဝင် ကလေးသူငယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုင်လပ်ရှ် ဆတ်ယာသီနဲ့ အတူယှဥ်တွဲပြီး အခုလိုပြောခဲ့တယ်။ “ကလေးသူငယ်အခွင့်အရေး နဲ့ ပညာရေးကိစ္စတွေနဲ့ပတ်သက်လာရင် ကျွန်မတို့နှစ်ယောက်ဟာ အမြဲတစ်သံတည်းထွက်ပါတယ်။ ဒီနေရာမှာ ကျွန်မတို့ဘာ ဘာသာဝင်ဖြစ်တယ်ဆိုတာက အရေးမကြီးပါဘူး။” မာလာလာရဲ့ သတ္တိကြောင့် ဘာသာအသီးသီးကသူတွေကို ညီညွှတ်စေပြီး တန်းတူညီမျှရေးနဲ့ အပြန်အလှန် အသိအမှတ်ပြု လေးစားရေးတို့ကို အားပေးမြှင့်တင်နိုင်ခဲ့တယ်။ ဒီလိုသတ္တိမျိုးမြန်မာနိုင်ငံမှာလည်း လိုအပ်နေပါတယ်။
ကိုးကွယ်ယုံကြည်မှု မတူညီခြင်းအပေါ်နားလည်လက်ခံနိုင်ခြင်းဆိုတာ ပဋိပက္ခမဖြစ်ဘဲ အတူယှဥ်တွဲ နေထိုင်နိုင်ရုံတင်မကဘဲ မတူညီတဲ့ ယုံကြည်မှုတွေကို လက်ခံနိုင်မှု၊ စာနာစိတ်ထားနိုင်မှုနဲ့ ချစ်ချင်းမေတ္တာ တည်ဆောက်နိုင်မှုတွေ လည်းပါဝင်ပါတယ်။ တစ်ဖက်မှာလည်း ကိုးကွယ်မှုမတူညီခြင်းကို အကြောင်းပြုပြီး အမုန်းစကားတွေ၊ သတင်းတု၊ သတင်းမှားတွေနဲ့ ဝါဒမှိုင်းတွေတိုက်ကာ ပဋိပက္ခဖန်တီးလိုသူတွေလည်း ရှိတတ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလိုမျိုး ဘာသာကြီးအားလုံးလိုလိုက သက်ဝင်ယုံကြည်သူတွေ ရှိနေတဲ့ နိုင်ငံမှာ ပိုမိုအကဲဆတ် ပါတယ်။ ဒီအချက်ကို အခွင့်ကောင်းယူကာ ညစ်ညမ်းတဲ့ နိုင်ငံရေး အကြံအစည်နဲ့ အမြတ်ထုတ်ဖို့၊ ပြဿနာဖန်တီးဖို့ ကြိုးစားသူတွေအမြဲရှိနေတာကို သတိမူရမှာဖြစ်ပါတယ်။ အိမ်နီးချင်းတွေဟာ အချိန်မရွေးရန်သူလိုဖြစ်သွားကြရတာတွေဟာ ဒီသွေးထိုးလှုံ့ဆော်မှုတွေကြောင့်ပါ။
ဒီနေရာမှာ လူငယ်တွေရဲ့အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ကျောင်းတွေ၊ ကစားကွင်းတွေနဲ့ ဒီဂျစ်တယ် မီဒီယာပလက်ဖောင်းတွေမှာ အမုန်းစကားတွေ၊ သတင်းတု၊ သတင်းမှားတွေနဲ့ ဘာသာရေးနဲ့ပတ်သက်ပြီး ဝါဒမှိုင်းတိုက်မှုတွေကို ကာကွယ်ပေးပြီး အပြန်အလှန်နားလည်မှုနဲ့ လက်ခံမှုကို လက်တွေ့သင်ကြားပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ လူတစ်ဦးချင်းတစ်ယောက်ချင်းစီက ဒါကို စတင်နိုင်ကြောင်း ထပ်ပြောလိုပါတယ်။ မေးခွန်းတွေများများမေး၊ ကြိုတင်အစွဲတွေမထားပဲနားထောင်၊ တစ်စုံတစ်ဦးရဲ့ ယုံကြည်မှုကြောင့် သူ့ကို ပြစ်တင်လှောင်ပြောင်တာတွေ ကိုယ့်ရှေ့မှာတွေ့လာရင် ရပ်တည် ကာကွယ်ပေး၊ ဒီလိုနည်းတွေနဲ့ လူတစ်ဦးချင်းစီက ကိုးကွယ်ယုံကြည်မှု မတူညီခြင်းအပေါ် နားလည် လက်ခံနိုင်ခြင်းကို တည်ဆောက်နိုင်ပါတယ်။ မာလာလာရှေ့ဆောင်လမ်းညွှန်လုပ်ပေးခဲ့သလိုပါပဲ ဘာသာ တရားဟာ အမုန်းပွားဖို့မဟုတ်ဘဲ အပြန်အလှန်ဖေးမစောင့်ရှောက်ကြဖို့ အကြောင်းဖြစ်သင့်ပါတယ်။