“ဘူးလေးရာဖရုံဆင့်” – သဘာဝဘေး၊ လူလုပ်ဘေးများကြားက အဆိပ်အတောက်သတင်းများ

2 min read | April 25, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

သဘာဝဘေး၊ လူလုပ်ဘေးအန္တရာယ်တွေကြောင့် အရေးပေါ်အခြေအနေတွေ ကြုံတွေ့နေချိန်မှာ မှန်ကန်တဲ့ သတင်းအချက်အလက်ရရှိမှုဟာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။ အဲ့ဒီလိုပဲ အရေးပေါ်အခြေအနေတွေ ကြုံတွေ့နေရချိန်မှာ သတင်းအမှားတွေ၊ မဟုတ်မမှန်တဲ့ သတင်းတွေက လျင်လျင်မြန်မြန် ပျံ့နှံ့တတ်ပြီး လူတွေကို စိတ်ရှုပ်ထွေးမှု၊ ထိတ်လန့်မှုတွေ ဖြစ်စေတတ်သလို စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေထိပါ ဖြစ်စေတတ်ပါတယ်။ မြန်မာနိုင်ငံဟာ မကြာသေးခင်က ငလျင်ဒဏ်ခံစားခဲ့ရပြီး သတင်းအမှားတွေ၊ သတင်းတုတွေက လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဘယ်လိုမျိုး ပိုပြီးဆိုးသွားစေနိုင်တယ်၊ ထိခိုက်စေနိုင်တယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းကိုဗဟိုပြုပြီး အင်အားကြီး မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ အဲ့ဒီငလျင်ကြောင့် အဆောက်အအုံတွေ ပျက်စီးခဲ့ရသလို လူထောင်ပေါင်းများစွာဟာ အိုးအိမ်စွန့်ခွာပြီး အဆောက်အအုံတွေနဲ့ဝေးတဲ့ မြေနေရာကွက်လပ်တွေ၊ လမ်းပေါ်တွေမှာ ယာယီပြောင်းရွှေ့နေထိုင်ကြရပါတယ်။ ဒါ့အပြင် အဲဒီအချိန်မှာ အားနည်းနေတဲ့ ပြည်သူလူထုအကြား စိုးရိမ်ကြောက်ရွံ့မှုတွေကို ဖြစ်ပေါ်စေခဲ့တယ်။ ငလျင်လှုပ်ပြီးတဲ့နောက် နာရီပိုင်းအတွင်းမှာပဲ ဆိုရှယ်မီဒီယာတွေပေါ်မှာ အတည်မပြုနိုင်တဲ့ သတင်းတွေ အများကြီးပျံ့နှံ့ခဲ့ပါတယ်။ တချို့သတင်းတွေမှာဆိုရင် ပိုအင်အားကြီးတဲ့ငလျင် ဒုတိယအကြိမ် ထပ်လာတော့မယ်လို့ သတိပေးထားတာမျိုးတွေနဲ့ တချို့သတင်းတွေမှာတော့ တခြား ဘေးအန္တရာယ်တွေ ကြုံတွေ့ရစဉ်က ပျက်စီးထားတဲ့ အဆောက်အဦးပုံတွေကို ယူသုံးပြီး သတင်းအမှားတွေ ဖြန့်ဝေနေတာမျိုး တွေ့ရပါတယ်။ အထူးသဖြင့် ဆက်သွယ်ရေးခက်ခဲပြီး သတင်းရင်းမြစ်တွေကို အကန့်အသတ်နဲ့သာ ရယူနိုင်တဲ့ ကျေးလက်ဒေသတွေမှာ အတုအယောင်သတင်းတွေဖြစ်တဲ့ ချဲ့ကားရေးသားထားတဲ့ ခန့်မှန်းချက်တွေနဲ့ သတိပေးချက်ပို့စ်တွေဟာ ဖုံးလွှမ်းသွားတဲ့အတွက် အမှန်တကယ် အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကို ရရှိနိုင်ဖို့ ခက်ခဲသွားပါတယ်။

လွန်ခဲ့တဲ့ရက်အတွင်းမှာလည်း မြေငလျင်လှုပ်ခတ်မှုကြီး နောက်တစ်ကြိမ်ထပ်ဖြစ်တော့မယ့်အကြောင်း နေ့ရက်၊ အချိန်နဲ့တကွ အတိအကျ ပြောထားတဲ့ သတင်းမှားတစ်ခုဟာ Facebook နဲ့ TikTok တို့မှာ ပျံ့နှံ့ခဲ့ပြီး လူထုအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ လူအများအပြားဟာ အထုပ်အပိုးတွေပြင်ဆင်ပြီး ဘေးကင်းမယ်ထင်ရာကို ရှောင်တိမ်းခဲ့ကြတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ငလျင်ဆိုတာ လက်ရှိအတိုးတက်ဆုံး နည်းပညာတွေနဲ့တောင်မှ ဖြစ်ပွားမယ့် အချိန်အတိအကျကို ကြိုတင်ခန့်မှန်းလို့မရတဲ့ သဘာဝဘေးအန္တရာယ်ဖြစ်ပါတယ်။ ဘာသာရေးနဲ့ ယုံကြည်မှုတွေကိုအသုံးချပြီး အဲ့ဒီလိုလွဲမှားတဲ့ သတင်းလွှင့်တာကို သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရချိန်မှာ ဒစ်ဂျစ်တယ်ပြဿနာတစ်ခုလို့ပဲ သဘောထားလို့ မရပါဘူး။ အရေးပေါ် အခြေအနေ ဖြစ်ပေါ်နေတဲ့ အချိန်ကာလမျိုးမှာ လူအများအပြားရဲ့ အသက်အိုးအိမ်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်ဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ တိကျမှုမှန်ကန်မှုမရှိတဲ့ သတင်းတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို နှောင့်နှေးကြန့်ကြာစေနိုင်ပါတယ်။ ဘယ်အချိန်မှာ ငလျင်လှုပ်တော့မယ် ဒါမှမဟုတ် ဘယ်နေရာမှာတော့ ဘေးကင်းလုံခြုံတယ်ဆိုတာမျိုးကို မဟုတ်မမှန်ပြောဆို ရေးသားမျှဝေတာတွေကြောင့် တကယ့်မှန်ကန်တဲ့ သတင်းရင်းမြစ်တွေအပေါ်မှာလည်း ယုံကြည်မှု ပျက်ပြားစေနိုင်ပါတယ်။  အထူးသဖြင့် အင်တာနက်အသုံးပြုနိုင်မှု မညီမျှသေးတဲ့ မြန်မာနိုင်ငံမျိုးမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ကန့်သတ်ထားတဲ့အပြင် အစိုးရသတင်းဌာနတွေအနေနဲ့လည်း မှန်ကန်တိကျတဲ့ သတင်းအချက်အလက်တွေ လုံလောက်အောင် မပေးနိုင်ကြတဲ့အတွက် သတင်းအမှားပြန့်ပွားမှုဟာ အလွန်ပဲ အန္တရာယ်များလှပါတယ်။ ဒီလိုသဘာဝဘေးအန္တရာယ်တွေအပြင် စစ်ပွဲတွေ၊ နယ်မြေမငြိမ်းချမ်းမှုတွေအကြားမှာ သတင်းမှားပြန့်ပွားမှုကြောင့် ပြည်သူတွေအကြား မလိုလားအပ်တဲ့ လူမှုစီးပွားပြသနာတွေ၊ နိုင်ငံရေးအမြတ်ထုတ်မှုတွေကိုပါ ကြုံရနိုင်ပါတယ်။

ဒီလိုအခြေအနေတွေကို တုံ့ပြန်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေရော အရပ်ဘက်အဖွဲ့အစည်းတွေပါ ဒစ်ဂျစ်တယ် အသိပညာတွေ ဖြန့်ဝေပေးဖို့၊ သတင်းတွေကို မမျှဝေခင် အရင်းအမြစ်တွေက တကယ်ဟုတ်မဟုတ် မှန်ကန်ကြောင်း စစ်ဆေးဖို့၊ ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေကို တိုင်းရင်းသားဘာသာစကားတွေနဲ့ပါ ရယူနိုင်အောင် နည်းလမ်းပေါင်းစုံသုံးပြီး သေချာဖြန့်ဝေပေးဖို့ အရေးကြီးပါတယ်။ သဘာဝဘေးနဲ့ စစ်ဘေးအန္တရာယ်တွေ ကြုံတွေ့ပြီးတဲ့အခါ နောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုတွေ အများကြီးရှိတဲ့နောက်မှာ သတင်းမှားတွေကြောင့် အခြေအနေတွေ ပိုဆိုးမသွားရအောင် လူတစ်ဦးတစ်ယောက်ချင်းစီကစလို့ ပါဝင်လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

“ဘူးလေးရာဖရုံဆင့်” – သဘာဝဘေး၊ လူလုပ်ဘေးများကြားက အဆိပ်အတောက်သတင်းများ

ပိုမိုဖတ်ရှုရန်
2 mins read

လူမျိုးစုံ အတူတကွပေါင်းစည်းညီညွတ်စွာနေနိုင်ဖို့အတွက် ဒီမိုကရေစီဖြစ်ခြင်းရဲ့ အရေးပါမှု

ပိုမိုဖတ်ရှုရန်
2 mins read

တောင်ကိုရီးယားက ဒီမိုကရေစီ – လူထုပူးပေါင်းပါဝင်မှုနဲ့ အပြောင်းအလဲ ဖော်ဆောင်မှုတို့ရဲ့ ခရီးရှည်

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီ… သို့

ပိုမိုဖတ်ရှုရန်
2 mins read

“ဖက်ဒရယ်စနစ်” သို့မဟုတ် ဟန်ချက်ညီမျှတဲ့ အုပ်ချုပ်မှုယန္တရား

ပိုမိုဖတ်ရှုရန်
2 mins read

ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များနှင့် လူမှုတရားမျှတမှု

ပိုမိုဖတ်ရှုရန်
2 mins read

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ…

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံရဲ့ လူမှုရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အခန်းကဏ္ဍတွေမှာ အပြောင်းအလဲဖြစ်စေခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်က ကျောင်းသားလှုပ်ရှားမှု

ပိုမိုဖတ်ရှုရန်
2 mins read

ကျားမတန်းတူရေး လှုပ်ရှားမှုများက ယူဆောင်လာခဲ့တဲ့ လူမှုတရားမျှတမှု

ပိုမိုဖတ်ရှုရန်