Constitution – ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ

2 min read | October 7, 2024
မျှဝေရန် :

Audio Book နားထောင်ရန်

 

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ အစိုးရတစ်ရပ်ရဲ့အုပ်ချုပ်ပုံ၊ အခွင့်အာဏာတွေ၊ တာဝန်တွေ၊ လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်၊ အခွင့်အရေးတွေနဲ့ တာဝန် စတာတွေကို တရားဝင်ရေးဆွဲ ပြဋ္ဌာန်းထားတဲ့ ဥပဒေကျမ်းတစ်ခုဖြစ်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလို့လည်း သုံးနှုန်းကြပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်မှုယန္တရားပုံစံ၊ သက်ဆိုင်ရာကဏ္ဍအလိုက်ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ တာဝန်တွေ၊ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခွင့်အရေး၊ လွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးတာတွေ၊ နိုင်ငံသားအားလုံးအတွက် လွတ်လပ်ပြီး တရားမျှတတဲ့ တရားဥပဒေစိုးမိုးမှုရရှိနိုင်ရေးတွေကို ပြဋ္ဌာန်းပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ရေးဆွဲထားတဲ့ အမြင့်ဆုံးဥပဒေ (Supreme Law) ဖြစ်ပြီး မည်သည့်ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွက်မဆို အခြေခံအုတ်မြစ်အဖြစ် တည်ရှိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူမှုပဋိညာဉ်အယူအဆ (Social Contract Theory) လို့ခေါ်တဲ့ နိုင်ငံရေးအတွေးအခေါ် ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ လူမှုပဋိညာဉ်ဆိုတာ ရှေးရိုးစွဲဘုရင်စနစ်တွေမှာတွေ့ရတဲ့ ဘုရားပေးအာဏာ (Divine Power)အရ နိုင်ငံတော်ကို မင်းဧကရာဇ်တွေရဲ့ စိတ်တိုင်းကျ လိုသလို ချယ်လှယ်အုပ်ချုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆကို ဆန့်ကျင်ပြီး လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ သဘာဝကပေးအပ်ထားတဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့အတွက် နိုင်ငံတော်ကို အခွင့်အာဏာနှင်းအပ်တဲ့ တွေးခေါ်မှုပုံစံပဲဖြစ်ပါတယ်။ နိုင်ငံရေး အတွေးအခေါ်ပညာရှင်တွေဖြစ်တဲ့ သောမတ်စ်ဟော့ဘ်၊ ဂျွန်လော့ခ်နဲ့ ယန်းယခ်ရူးဆိုးတို့ဟာ ထင်ရှားတဲ့ လူမှုပဋိညာဉ် ဆိုင်ရာ အတွေးအခေါ်ကို စတင်ခဲ့သူတွေဖြစ်ပြီး နိုင်ငံတော်အာဏာကို ဥပဒေစည်းမျဉ်းတွေနဲ့အညီ အကန့်အသတ်နဲ့ ကျင့်သုံးရတဲ့ အယူအဆများကို မျှဝေခဲ့ပါတယ်။ အဲ့ဒီကာလမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုပြီး အတိအကျ ရေးသားထားတဲ့ ဥပဒေကျမ်းပုံစံအနေနဲ့ မရှိခဲ့သေးပေမယ့် အစိုးရတစ်ရပ်ရဲ့ ဖွဲ့စည်းပုံ၊ လုပ်ထုံးလုပ်နည်း၊ အစဉ်အလာနဲ့ ဥပဒေစည်းမျဉ်းတွေက အစိုးရရဲ့အာဏာကို ကန့်သတ်ထားပြီး နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ဥပဒေ ပြဋ္ဌာန်းပေးတာတွေ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ အထူးသဖြင့် ဂျွန်လော့ခ်ရဲ့ အယူအဆတွေဖြစ်တဲ့ လူသားတွေရဲ့ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်တွေနဲ့ နိုင်ငံကို အုပ်ချုပ်ဖို့အတွက် သဘောတူညီချက်တွေ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးကဏ္ဍတွေမှာ အာဏာတွေကိုခွဲခြားထားဖို့ လှုံ့ဆော်ချက်တွေဟာ နောင်တစ်ချိန် အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းရာမှာ အရေးပါတဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ နိုင်ငံတော်ရဲ့ အဓိကအာဏာသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာတွေကို သီးခြားခွဲဝေထားပြီး ဒီအာဏာသုံးရပ်ဟာ တစ်ခုအပေါ်တစ်ခု လွှမ်းမိုးထားပြီး အပြန်အလှန် ထိန်းကျောင်းမှုရှိကြပါတယ်။ ရည်ရွယ်ချက်ကတော့ အာဏာအလွဲသုံးစားပြုလုပ်တာတွေကို ကာကွယ်နိုင်ဖို့နဲ့ တာဝန်ခံမှုရှိစေဖို့ပဲဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာကို သမ္မတ သို့မဟုတ် ဝန်ကြီးချုပ် ဦးဆောင်တဲ့အစိုးရအဖွဲ့က အဓိကကျင့်သုံးခွင့်ရှိပြီး ဥပဒေပြုအာဏာကို လွှတ်တော်တွေက အဓိကကျင့်သုံးခွင့်ရှိပါတယ်။ တရားစီရင်ရေးအာဏာ ကို တရားရုံးချုပ်နဲ့ တရားရုံးတွေက အပြည့်အဝကျင့်သုံးခွင့်ရှိပါတယ်။ ဒီလိုအာဏာခွဲဝေပြီး အပြန်အလှန်ထိန်းကျောင်း ကျင့်သုံးတာဟာ ဒီမိုကရေစီစနစ်ကို တည်ငြိမ်တိုးတက်စေဖို့ အထောက်အကူပြုတဲ့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍ ကနေ ပါဝင်နေပါတယ်။ ဒါ့အပြင် ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ဗဟိုအစိုးရနဲ့ ပြည်နယ် ဒါမှမဟုတ် ပြည်နယ်/ ဒေသအစိုးရတွေအကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေပြီး တည်ငြိမ်ကောင်းမွန်တဲ့ နိုင်ငံတစ်ခုအဖြစ် ဖွဲ့စည်းဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို သေချာရေးဆွဲပြဋ္ဌာန်းကြပါတယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်/ဒေသအစိုးရကြားဖြစ်စေ၊ ပြည်နယ်/ဒေသအစိုးရများအချင်းချင်းကြားဖြစ်စေ အထက်အောက်ဆက်ဆံရေးမျိုးမဟုတ်ဘဲ လုပ်ပိုင်ခွင့်အာဏာတွေ ကို အခြေခံဥပဒေအရ ခွဲဝေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဥပဒေပြဋ္ဌာန်းခွင့်တွေကို အာမခံထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ တချို့ဖက်ဒရယ်နိုင်ငံတွေမှာ ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့်တွေကိုသာ အခြေခံဥပဒေမှာ စာရင်းပြုစုဖော်ပြကြပြီး တချို့နိုင်ငံတွေမှာတော့ ဗဟိုအစိုးရရော၊ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တွေကိုပါ စာရင်းပြုစုဖော်ပြကြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးချယ်တင်မြှောက်ခွင့်နဲ့ အရွေးချယ်ခံပိုင်ခွင့်စတဲ့ နိုင်ငံသားအခွင့်အရေးတွေအပါအဝင် လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို ဥပဒေအရ အာမခံပေးထားပါတယ်။ လူတစ်ဦးချင်းစီရဲ့ အခြေခံအခွင့်အရေးတွေ ဖြစ်တဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ ပညာသင်ကြားခွင့်၊ ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်စတဲ့ အခွင့်အရေးတွေနဲ့ပတ်သက်လာရင် အစိုးရအနေနဲ့ တားမြစ်တာ၊ မတရားဥပဒေတွေပြဋ္ဌာန်းပြီး အရေးယူတာတွေ လုပ်ခွင့်မရအောင် အခြေခံဥပဒေက အကာအကွယ်ပေးနိုင်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စာနဲ့ရေးသားပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (Written Constitution)နဲ့ စာအနေနဲ့ ရေးသားပြဋ္ဌာန်းထားတာမဟုတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (Unwritten Constitution) ဆိုပြီး အကြမ်းဖျင်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။ စာနဲ့ရေးသားပြဋ္ဌာန်းထားတဲ့အခြေခံဥပဒေဆိုတာ အစိုးရတစ်ရပ်ရဲ့ ဥပဒေနည်းနာတွေနဲ့ ဖွဲ့စည်းပုံတွေကို စာရွက်စာတမ်းတစ်ခုတည်းမှာပဲ တိတိကျကျ ရေးသားပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ စာနဲ့ရေးသား ပြဋ္ဌာန်းထားတဲ့အခြေခံဥပဒေတွေထဲမှာ အထင်ရှားဆုံးကတော့ ၁၇၈၇ ခုနှစ်ကနေ ယနေ့အချိန်ထိ ကျင့်သုံးနေဆဲဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီးတော့ ဥပဒေတွေကို အခန်း ၇ ခန်းနဲ့ ရေးသားဖော်ပြထားပြီး ၂၇ ကြိမ် ပြင်ဆင်ထားပါတယ်။ စာနဲ့ရေးသားပြဋ္ဌာန်းထားတာမဟုတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ဥပဒေနည်းနာ တွေကို စာအနေနဲ့ ရေးသားပြုစု ပြဋ္ဌာန်းထားခြင်းမရှိဘဲ လွှတ်တော်ကပြဋ္ဌာန်းထားတဲ့ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ယခင်ကကျင့်သုံးခဲ့တဲ့ ဥပ‌ဒေနည်းနာတွေစတဲ့ အရင်းအမြစ်တွေကနေ ပြန်လည်ရယူကျင့်သုံးတာပဲဖြစ်ပါတယ်။ စာနဲ့ ရေးသားပြဋ္ဌာန်းထားတာမဟုတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ United Kingdom ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီး လွှတ်တော်ကအတည်ပြုပြဋ္ဌာန်းထားတဲ့ဥပဒေတွေ၊ တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ သမိုင်းဝင်စာရွက်စာတမ်း/မှတ်တမ်းတွေကနေ ရယူကျင့်သုံးတာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် နောက်ထပ် Rigid Constitution နဲ့ Flexible Constitution ဆိုပြီး ထပ်ခွဲနိုင်ပါတယ်။ Rigid Constitution ဆိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စာနဲ့ရေးသားဖော်ပြထားပြီး ပြုပြင်ပြောင်းလဲဖို့ခက်တဲ့ (မလွယ်ကူတဲ့) ဖွဲ့စည်းပုံအခြေဥပဒေကို ခေါ်ဆိုတာဖြစ်ပါတယ်။ Rigid constitution ကို ပြင်ဆင်မယ်ဆိုရင် အခြေအနေအပေါ်မူတည်ပြီး အထူးလုပ်ထုံးလုပ်နည်းတွေ လိုအပ်ပါတယ်။ ဖွဲ့စည်းပုံဥပဒေရဲ့ အစိတ်အပိုင်း အခန်းကဏ္ဍတွေ ပြင်ဆင်ဖို့အတွက် အမှန်တကယ်လိုအပ်ကြောင်း နိုင်ငံသားတွေက လူထုလှုပ်ရှားမှုတွေ ပြုလုပ်ပြီး တောင်းဆိုတာမျိုးတွေ ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းတွေအရ ပြင်ဆင်ဖို့လိုအပ်မှသာ ပြင်ဆင်တာမျိုး ဖြစ်ပါတယ်။ ဥပမာအားဖြင့် အမေရိကန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပါတယ်။ စာနဲ့ရေးသားပြဋ္ဌာန်းထားတဲ့ Written Constitution တိုင်းကတော့ ပြင်ဆင်ရခက်တဲ့ဖွဲ့စည်းပုံမျိုး မဟုတ်ပါဘူး။ Written and rigid ဖြစ်တဲ့ constitution တွေကတော့ အမေရိကန်၊ ဘရာဇီး၊ ဩစတြေးလျနိုင်ငံတို့မှာ ကျင့်သုံးတဲ့ အခြေခံဥပဒေတွေပဲဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲဖို့ လွယ်ကူတဲ့ Flexible constitution တွေကိုတော့ စာနဲ့ ရေးသားဖော်ပြထားတာဖြစ်စေ၊ မရေးသားထားတာဖြစ်စေ အခြေအနေအရ ဖွဲ့စည်းပုံအခြေခံကို လိုအပ်တဲ့အချိန်မှာ လိုအပ်သလို ထိန်းညှိပြီး ပြင်ဆင်ပြောင်းလဲနိုင်ပါတယ်။ ဥပမာ – UK, နယူးဇီလန်နိင်ငံတို့မှာကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေပဲ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – ယဉ်ကျေးရည်မွန်ခြင်း (Civility)

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ် – Federalism for Citizens

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – စာနာနားလည်ပေးခြင်း (Empathy)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၇)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၆)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၅)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၄)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၃)

ပိုမိုဖတ်ရှုရန်
2 mins read

လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)

ပိုမိုဖတ်ရှုရန်
2 mins read

ဗဟုဝါဒကင်းမဲ့သော လူ့အဖွဲ့အစည်း

ပိုမိုဖတ်ရှုရန်