
နှစ်စဉ် မတ်လ ၈ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day – IWD) ကို ကမ္ဘာတစ်ဝန်း ကဏ္ဍအသီးသီးမှာရှိတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ အောင်မြင်မှုတွေ၊ စွမ်းဆောင်ရည်သတ္တိတွေကို အသိအမှတ်ပြုပြီး တန်းတူညီမျှအခွင့်အရေးရရှိဖို့အတွက် လှုပ်ရှားတောင်းဆို ကျင်းပကြပါတယ်။ ဒီနှစ် ၂၀၂၅ ခုနှစ်အတွက် theme ကတော့ “Accelerate Action” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျားမတန်းတူညီမျှရေးကို အရှိန်မြှင့်တင်ရန် တိုက်တွန်းလှုံ့ဆော်ထားတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ဂျဲန်ဒါ- ကျားမတန်းတူညီမျှမှုနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ ရှိလာခဲ့ပေမယ့်လည်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ ခေါင်းဆောင်မှုနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ခွင့်တွေ၊ လုပ်ငန်းခွင်အတွင်း လုပ်ခလစာတန်းတူညီမျှရရှိရေး စတဲ့ကဏ္ဍတွေမှာ အခုချိန်ထိ အတားအဆီးအခက်အခဲတွေ ပြဿနာတွေ ရှိနေဆဲ၊ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ရဲ့ Global Gender Gap Report 2024 အစီရင်ခံစာအရဆိုရင် အခုလက်ရှိ အခြေအနေကနေ အမျိုးသမီးတွေဟာ ကဏ္ဍတိုင်းမှာ တန်းတူညီမျှမှုကို ရရှိဖို့ဆိုရင် နှစ်ပေါင်း ၁၃၀ ကျော်ခန့်ကြာဦးမယ်လို့ ခန့်မှန်းကြပါတယ်။
ဒါကြောင့် “Accelerate Action” ဆိုတဲ့ အတိုင်း နိုင်ငံတကာမှာရှိတဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေနဲ့ လူတစ်ဦးတစ်ယောက်ချင်းစီက မိမိရဲ့ သက်ဆိုင်ရာ အဝန်းအဝိုင်းအတွင်းကစတင်ပြီး အမျိုးသမီးအခွင့်အရေးနဲ့ တန်းတူညီမျှရေးအတွက် ပါဝင်လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။