ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုရဲ့ သဘောထားအမြင်တွေ၊ လိုအပ်ချက်တွေကို တိတိကျကျသိနိုင်ဖို့ လူထုပါဝင်မှု ပုံစံအမျိုးမျိုးကို အစိုးရတွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုလူတန်းစားအဖွဲ့တွေက နည်းလမ်းအမျိုးမျိုးနဲ့ စီမံဆောင်ရွက်တတ်ကြပါတယ်။ ဒီနေရာမှာ နိုင်ငံ့အရေးအရာတွေမှာ လူထုပါဝင်တယ်ဆိုတာ အများအားဖြင့် လူထုကတိုက်ရိုက်ကြီး ပါဝင်ပတ်သက်ရတာမျိုးမဟုတ်ဘဲ လူထုလူတန်းစားအလွှာစုံ၊ အထူးသဖြင့် အခွင့်အလမ်းအနိမ့်ပါးဆုံးအုပ်စုတွေရဲ့ လိုလားချက်တွေ၊ အသံတွေကို ဆုံးဖြတ်ချက်ချတဲ့အခါ ထင်ဟပ်နိုင်အောင်လို့ အချိုးကျပါဝင်ခွင့်ရအောင် စနစ်တကျဆောင်ရွက်ပေးရတာမျိုး ဖြစ်ပါတယ်။
စိတ်ဝင်စားသူတိုင်းပါဝင်စေတဲ့နည်း
ဒီနေရာမှာ ပထမဦးဆုံးတင်ပြမယ့် လူထုပါဝင်မှုနည်းလမ်းက မူဝါဒချမှတ်သူတွေ အစိုးရတွေ အသုံးအများဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်ပြီး၊ အရည်အချင်းကန့်သတ်မထားဘဲ အကြောင်းအရာကိုစိတ်ဝင်စားသူ ဘယ်သူမဆိုပါဝင်နားထောင်၊ ဆွေးနွေးနိုင်အောင် လုပ်ဆောင်ပေးတဲ့နည်းပဲဖြစ်ပါတယ်။ ဒီနေရာမှာ အားလုံးကို ပွင့်လင်းမြင်သာစွာ တံခါးဖွင့်ပေးထားတဲ့အချက်က အဓိကဆွဲဆောင်မှု ဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်လေ့ရှိတာက ချမ်းသာတဲ့သူတွေ၊ ပေါက်ရောက်တဲ့သူတွေ၊ အကျိုးစီးပွားဆက်နွယ်ရာ ဆက်နွယ်ကြောင်း လူတွေကပဲ ပွဲကိုလွှမ်းမိုးသွားလေ့ရှိလို့ အလိုလိုနေရင်း လူထုလူတန်းစားအားလုံးရဲ့ အသံကို ထင်ဟပ်မယ်လို့တော့ တထစ်ချမမှတ်ယူ နိုင်ပါဘူး။
လူတန်းစားစုံအောင်ရွေးချယ်ဖိတ်ကြားနည်း
ပထမနည်းရဲ့ အားနည်းချက်ကို ကျော်လွှားနိုင်ဖို့ လူတန်းစားအစုံ၊ လူအုပ်စုအစုံ၊ အထူးသဖြင့် ဝင်ငွေနည်းပါးသူ၊ အခွင့်အလမ်းနိမ့်ပါး သူတွေ ပါဝင်လာနိုင်အောင် သီးခြားရွေးချယ်ဖိတ်ကြားတဲ့နည်းဖြစ်ပါတယ်။ လူထုစကားဝိုင်း (Town Hall) တွေ့ဆုံသည့်ပုံစံလူအများစု နဲ့တွေ့မယ်ဆိုရင် လူရာဝင်ဆံ့၍ သြဇာကြီးသူတွေက တစ်ဖက်သတ် လွှမ်းမိုးဖို့များလို့ ဦးတည်အုပ်စုအလိုက် သီးခြားတွေ့ဆုံတာတွေ လုပ်ပေးရပါတယ်။ ဒီလိုအုပ်စုတွေက အချိန်ပိုလည်း နည်းပါးတတ်လေ့ရှိတဲ့ သူတွေဖြစ်တဲ့အတွက် သူတို့လည်းလာနိုင်အောင်၊ လာချင်အောင် မက်လုံးတွေလည်း ဖန်တီးပေးရပါသေးတယ်။
ကျပန်းရွေးချယ်နည်း
လူ့အဖွဲ့အစည်း လူတန်းစားအားလုံးကို မျှမျှတတ ကိုယ်စားပြုနိုင်ဖို့သုံးလေ့ရှိတဲ့ နောက်ထပ်နည်းလမ်းတစ်ခုက ကျပန်းရွေးချယ်နည်းဖြစ်ပါတယ်။ ဒီနည်းကို သုတေသနအဖွဲ့တွေ၊ လူထုသဘောထားစစ်တမ်းကောက်တဲ့ အဖွဲ့တွေကလည်း တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။
အကျိုးစီးပွားသက်ဆိုင်သူ (Stakeholders) တွေကို ဖိတ်ကြားနည်း
ဒီနည်းက မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်ကြောင့် တိုက်ရိုက်သက်ရောက်စေမယ့် အုပ်စုတွေကို ရွေးချယ်ဖိတ်ကြားပြီး သူတို့သဘောထား တွေကို တိုက်ရိုက်နားထောင်တာမျိုးပဲဖြစ်ပါတယ်။ ဒီနေရာမှာ သာမန်အကျိုးစီးပွားသက်ဆိုင်သူ (Lay Stakeholder) နဲ့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ (Expert Stakeholder) ဆိုပြီးခွဲလို့ရပါသေးတယ်။ အရပ်ဘက်အဖွဲ့အစည်း (CSOs)တွေ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ စည်းရုံးရေးအဖွဲ့အစည်း (Advocacy Group) တွေက ဒုတိယအမျိုးအစားပေါ့။ ဒီရွေးချယ်နည်းတွေနဲ့ ပါဝင်လာနိုင်အောင် လုပ်ပေးထားတဲ့ အုပ်စုတွေကို လူထုအငယ်စား (Mini Public) လို့လည်းခေါ်ကြပါတယ်။ ဒီလူထုအငယ်စားတွေနဲ့ လူထုတစ်ရပ်လုံးကို အကျိုး သက်ရောက်စေမယ့် မူဝါဒတွေ၊ နိုင်ငံရေးဆုံးဖြတ်ချက်တွေမချခင် ကြိုတင်ငြင်းခုံ၊ ဆွေးနွေး၊ အပေးအယူလုပ်၊ ညှိနှိုင်းကြတာတွေ လုပ်ကြတာပါ။ အရင်ဒီမိုကရေစီခေတ်တွေမှာ လွှတ်တော်တွေကရော အစိုးရအဆင့်ဆင့်၊ ဌာနဆိုင်ရာတွေကပါ ဒီနည်းလမ်းပေါင်းစုံကို သင့်သလိုသုံးပြီး လူထုသဘောထားနဲ့ လူထုပါဝင်မှုရအောင် ဆောင်ရွက်ခဲ့ကြတာ ရှိပါတယ်။