
တရားမျှတမှု- လွတ်လပ်မျှတသော တရားစီရင်ရေးစနစ်
လူထုယုံကြည်ကိုးစားရတဲ့ တရားစီရင်ရေးစနစ်မရှိတဲ့ ဖက်ဒရယ်စနစ်တစ်ခုဟာ ထိလွယ်ရှလွယ်ပြီး အချိန်မရွေးပျက်စီးခြင်းတရားနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ လွတ်လပ်တဲ့ တရားရေးစနစ်နဲ့ တရားရုံးတွေက ဗဟိုနဲ့ ပြည်နယ်အစိုးရတွေ၊ ဗျူရိုကရေစီယန္တယားကြီးက သူတွေအားလုံး အခြေခံဥပဒေအပါအဝင် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို တိတိကျကျလိုက်နာဆောင်ရွက်အောင် စောင့်ကြပ်ပေးပါတယ်။
လွတ်လပ်သောတရားရေးစနစ်၏ လုပ်ငန်းဆောင်တာများ
● အစိုးရအဖွဲ့အစည်းအဆင့်ဆင့်ကို အခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ဘောင်ထဲမှာ အတိအကျရှိနေစေဖို့ စောင့်ကြပ်ပေးတယ်
● နိုင်ငံသားတွေကို အခြေခံရပိုင်ခွင့်တွေနဲ့ လွတ်လပ်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ပေးတယ်။
● အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို သုံးသပ်ပြီး ဥပဒေနဲ့ ညီ၊ မညီ ဆုံးဖြတ်ချက်ပေးတယ်။
● နိုင်ငံသားအချင်းချင်းကြားမှာ ဖြစ်တဲ့အမှုအခင်းတွေကို လွတ်လပ်ပြီး မျှတစွာ စီရင်ဆုံးဖြတ်ပေးတယ် (ဒီတစ်ချက်ကိုတော့ အားလုံးသိပြီးသားဖြစ်ပေမယ့် တရားရုံးတွေဟာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို ထိန်းညှိရာမှာ အထက်က အရေးပါတဲ့ တာဝန်သုံးရပ်ကိုလည်း ထမ်းဆောင်ကြတယ်၊ အထူးသဖြင့် ဒီမိုကရေစီရင့်ကျက်တဲ့နိုင်ငံတွေမှာပေါ့။)
ဘာ့ကြောင့် ဖက်ဒရယ်အတွက် အရေးပါ
ဖက်ဒရယ်နိုင်ငံတိုင်းမှာ ဥပဒေနဲ့ပတ်သက်လို့၊ သယံဇာတအရင်းအမြစ်တွေနဲ့ပတ်သက်လို့၊ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စသည်ဖြင့် အငြင်းအခုံတွေ အမျိုးမျိုးဖြစ်တတ်တာ သဘာဝပါပဲ။ အားကောင်းပြီး ယုံကြည်ကိုးစားခံရတဲ့ တရားရေးစနစ်ရှိမှသာ ဒီလိုအငြင်းအခုံတွေကနေ နိုင်ငံရေးပဋိပက္ခနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်မလာအောင် ရှောင်ရှားပေးနိုင်မှာဖြစ်ပါတယ်။
● ကနေဒါနဲ့ တောင်အာဖရိကတို့လို ဖက်ဒရယ်နိုင်ငံတွေမှာ တရားရုံးတွေက ခရိုင်တွေ၊ စီရင်စုနယ်မြေတွေ (ဖက်ဒရယ်ယူနစ်တွေ) ကြားမှာဖြစ်တဲ့ အငြင်းအခုံတွေကို ကိုင်တွယ်ဖြေရှင်း ဆုံးဖြတ်ပေးကြတယ်။
● အိန္ဒိယမှာဆိုရင်လည်း ဗဟိုတရားရုံးက သီးခြားလွတ်လပ်စွာရပ်တည်နိုင်ခဲ့တဲ့အတွက် ဖက်ဒရယ် အခြေခံမူတွေကို ဆယ်စုနှစ်ပေါင်းများစွာ မယိမ်းမယိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ခဲ့တယ်။
မြန်မာနိုင်ငံအတွက် သင်ခန်းစာ
မြန်မာနိုင်ငံမှာတော့ တရားရုံးတွေဆိုရင် နိုင်ငံသားတွေအချင်းချင်းဖြစ်တဲ့ အမှုအခင်းတွေကိုသာ ဖြေရှင်း ဆုံးဖြတ်ပေးတဲ့ရုံးတော်တွေအဖြစ်သာ အများစုသိနားလည်ထားကြပြီး အစိုးရအဖွဲ့အစည်းအဆင့်ဆင့်နဲ့ ဖက်ဒရယ်ယူနစ်တွေကို တည်ဆဲဥပဒေတွေထက်ကျော်လွန်ပြီး လုပ်ဆောင်ခြင်းမရှိရလေအောင် စောင့်ကြပ်ပေးတဲ့ လုပ်ငန်းစဥ်နဲ့ပတ်သက်တဲ့ အပိုင်းတွေမှာသိရှိမှုအားနည်းကာ လက်တွေ့လုပ်ဆောင်မှုများလည်း အလွန်နည်းပါးနေပါသေးတယ်။ နောက်ပြီး တရားရုံးတွေနဲ့ တရားသူကြီးတွေဟာ အုပ်ချုပ်သူအစိုးရရဲ့ သြဇာနဲ့ သီးခြားကင်းလွတ်စွာ စီရင်ဆုံးဖြတ်နိုင်ဖို့လည်းလိုအပ်ပါတယ်။
အခုဆို Civic M ပရိတ်သတ်တွေအတွက် ဖက်ဒရယ်စနစ်မှာ မရှိမဖြစ်အရေးပါတဲ့ ဒီမိုကရေစီ အင်စတီကျူးရှင်းစုစုပေါင်း (၇) မျိုးအကြောင်းကို တစ်ခုချင်း မိတ်ဆက်တင်ပြပြီးဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ပရိတ်သတ်တွေ သိလို၊ ဆွေးနွေးလိုတဲ့ အင်စတီကျူးရှင်း အမျိုးအစားတွေရှိရင်လည်း comment မှာ မျှဝေဆွေးနွေးပေးလို့ရကြောင်း ဖိတ်ခေါ်လိုက်ရပါတယ်။