ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၅)

2 min read | November 23, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

မီးဘေး‌ရှောင်၊ လောင်ရင်ငြှိမ်း- ဖက်ဒရယ်နိုင်ငံများရှိ ပဋိပက္ခစောင့်ကြည့်‌ရေးနှင့် စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အင်စတီကျူးရှင်းများ
ဖက်ဒရယ်စနစ်တစ်ခုမှာ ဘယ်လောက်ပဲ ရင့်ကျက်တည်ငြိမ်ပါတယ်ပြောပြော ပွတ်တိုက်မှုတွေကတော့ အနည်းနဲ့အများ၊ အနှေးနဲ့အမြန်ဆိုသလို အမြဲပေါ်‌ပေါက်လေ့ရှိပါတယ်။ ဖက်ဒရယ်တိုင်းပြည်တွေအတွက် အရေးအကြီးဆုံးက ပေါ်‌ပေါက်လာတဲ့ ပွတ်တိုက်မှုတွေကို ဘယ်လောက်စောစော ထောက်လှမ်းသိရှိနိုင်သလဲဆိုတာနဲ့ ပဋိပက္ခအဖြစ်မပြောင်းခင် ဘယ်လို အမြန်ဆုံးစေ့စပ်ဖျန်ဖြေပေးနိုင်သလဲဆိုတဲ့ အချက်တွေပါပဲ။ ပဋိပက္ခစောင့်ကြည့်‌ရေးနှင့် စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အင်စတီကျူးရှင်းတွေဟာ ပွတ်တိုက်မှုနဲ့ သဘောကွဲလွဲမှုတွေကနေ ပဋိပက္ခအဆင့်အထိမတက်လှမ်းနိုင်အောင် ကာကွယ်တားဆီးပေးမယ့် ဒီမိုကရေစီရဲ့ အကာအကွယ် အစီအမံတွေပဲဖြစ်ပါတယ်။
ပဋိပက္ခစောင့်ကြည့်‌ရေးနှင့် စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အင်စတီကျူးရှင်းများ အလုပ်လုပ်ပုံ
● အစိုးရအဖွဲ့အစည်းများအချင်းချင်းကြား၊ ဗဟိုနဲ့ ဖက်ဒရယ်ယူနစ်များအကြား၊ လူမျိုးစုများအကြားမှာ ဖြစ်ပေါ်လာနိုင်ချေရှိတဲ့ ပွတ်တိုက်မှုတွေနဲ့ သဘောကွဲလွဲမှုတွေကို စောလျင်စွာ သိ‌ရှိအောင်ဆောင်ရွက်ပေးတယ်။
● ဒီသဘောကွဲလွဲမှုတွေကို သက်ဆိုင်သူတွေကြား ညှိနှိုင်းဆွေးနွေး၊ အပေးအယူလုပ်ပြီး ဖြေရှင်းနိုင်အောင် ဘက်မလိုက်တဲ့ ကြားဝင်ဖျန်ဖြေပေးသူအနေနဲ့ ဆောင်ရွက်ပေးတယ်။
● ပုံမှန်အခြေအနေတွေမှာ ဘက်ပေါင်းစုံက ခေါင်းဆောင်တွေကြားမှာ အပြန်အလှန်နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေခံတွေပိုမိုခိုင်မာကောင်းမွန်လာအောင် ပံ့ပိုးကူညီပေးတယ်။
ဘာကြောင့် ဖက်ဒရယ်အတွက် အရေးပါ
ပွတ်တိုက်မှုတွေနဲ့ သဘောကွဲလွဲမှုတွေကို စောလျင်စွာ ထောက်လှမ်းသိရှိပြီး စေ့စပ်ဖျန်ဖြေနိုင်မှု ရှိ၊ မရှိဟာ ဖက်ဒရယ်နိုင်ငံရေးစနစ်တစ်ခုမှာ သေရေးရှင်ရေးတမျှအရေးပါပြီး ဒီလိုစနစ်တကျလုပ်ဆောင်ပေးနိုင်တဲ့ စနစ်တွေ၊ အဖွဲ့အစည်းတွေမရှိတဲ့ နိုင်ငံတွေမှာ ဘယ်လို ပွတ်တိုက်မှုမျိုး၊ သဘောကွဲလွဲမှုမျိုးကမဆို ပဋိပက္ခ အသွင်ဆောင်ပြီး နှစ်ဘက်လုံးအကျိုးနည်းရတဲ့ တိုင်းပြည်လည်းနစ်နာရတဲ့ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ပဋိပက္ခနဲ့ ပဋိပက္ခဖြေရှင်းနည်းအကြောင်းတွေကို လေ့လာကြတဲ့ ပညာရှင်တွေအားလုံးက ပဋိပက္ခတိုင်းရဲ့ ကနဦးအဆင့်တွေမှာ တစ်ဖက်နဲ့တစ်ဖက်ဆက်သွယ်ရေးလမ်းကြောင်းတွေရှိသေးပြီး မျက်နှာချင်းဆိုင်တွေ့ဆုံလို့ရနေသေးသ‌ရွှေ့ ဒီပဋိပက္ခကိုရှောင်လွှဲလိုရင် ရှောင်လွှဲနိုင်တဲ့အခြေအနေရှိတယ်လို့ ဆိုကြပါတယ်။ စေ့စပ်ဖျန်ဖြေရေးလုပ်မယ့် အဖွဲ့အစည်းတွေအတွက်လည်း ဒါဟာ အချိန်တိုတိုကလေးသာရတဲ့ ရွှေရောင်တံခါးပေါက် golden window လို့ တင်စားကြတယ်။ ဒီအချိန်ကျော်သွားရင် တစ်ဖက်နဲ့ တစ်ဖက် ပြောင်ကျကျတိုက်ခိုက်ပြီး နောက်ဆုံးမှာ အကျိုးစီးပွားထက် ဆန့်ကျင်ဘက်အုပ်စုအပေါ် အနိုင်ယူချေမှုန်းရေးကိုသာ ရှေ့တန်းတင်လာကြတော့မှာ ဖြစ်တဲ့အတွက် ဘယ်သူမှ ဘာမှ ဝင်လုပ်ပေးလို့မရတော့တဲ့ အခြေအနေကိုဆိုက်တော့မှာဖြစ်ပါတယ်။ ပဋိပက္ခစောင့်ကြည့်‌ရေးနှင့် စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အင်စတီကျူးရှင်းတွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ အောက်ပါဥပမာအချို့မှာ လေ့လာနိုင်ပါတယ်။
● တောင်အာဖရိကနိုင်ငံမှာ နိုင်ငံရေးအရ ပြန်လည်ရင်ကြားစေ့ပြီးနောက် ၂၀၀၅ မှာ Intergovernmental Relations Framework Act ဆိုတာကို ပြဋ္ဌာန်းပြီး ဖက်ဒရယ်အစိုးရ ယူနစ်တွေအကြားမှာ (ဗဟိုနဲ့ ပြည်နယ်တွေကြား) ပုံမှန်ထိတွေ့ဆက်ဆံမှုနဲ့ စေ့စပ်ညှိနှိုင်းမှု အလေ့အထတွေ အားကောင်းလာအောင် စနစ်တကျ စီစဥ်ဆောင်ရွက်နိုင်ခဲ့တယ်။
● နောက်ထပ်ဖက်ဒရယ်နိုင်ငံတစ်ခုဖြစ်တဲ့ အီသီယိုပီးယားမှာလည်း နယ်စပ်ရေးရာနဲ့ အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အငြင်းအခုံတွေကို ပဋိပက္ခအသွင်မပြောင်းခင် ကိုင်တွယ်ညှိနှိုင်းပေးနိုင်ဖို့ ငြိမ်းချမ်း‌ရေး ကောင်စီကို ဖွဲ့စည်းထားရှိပြီး ပဋိပက္ခဖြစ်နိုင်ချေတွေကို စောင့်ကြည့်ကိုင်တွယ်နိုင်ခဲ့တယ်။
မြန်မာနိုင်ငံအတွက် သင်ခန်းစာ
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တစ်ရပ်ရှိခဲ့သော်လည်း ပဋိပက္ခတွေကို ဘက်မလိုက်ပဲ ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ထောက်လှမ်းပြီး မပေါက်ကွဲခင် ကြိုတင်တားဆီးနိုင်မယ့် စနစ်တွေ၊ အင်စတီကျူးရှင်းတွေ အပြည့်အဝ မရင့်ကျက်၊ မဖွံ့ဖြိုးသေးတဲ့ အခြေအနေကို တွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကြားမှာ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေအတွက် ကြိုတင်ထောက်လှမ်းပြီး စေ့စပ်ပေးနိုင်တဲ့ စနစ်တချို့ရှိခဲ့ပေမယ့် အစိုးရအဖွဲ့အစည်း၊ မဏ္ဍိုင်အချင်းချင်းကြား၊ နိုင်ငံရေးအုပ်စုတွေကြားမှာဖြစ်လာနိုင်တဲ့ ပွတ်တိုက်မှုတွေနဲ့ ပဋိပက္ခတွေကိုတော့ စောင့်ကြည့် ဖျန်ဖြေပေးမယ့် အဖွဲ့အစည်းမျိုးမရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – ယဉ်ကျေးရည်မွန်ခြင်း (Civility)

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ် – Federalism for Citizens

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – စာနာနားလည်ပေးခြင်း (Empathy)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၇)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၆)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၅)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၄)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၃)

ပိုမိုဖတ်ရှုရန်
2 mins read

လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)

ပိုမိုဖတ်ရှုရန်
2 mins read

ဗဟုဝါဒကင်းမဲ့သော လူ့အဖွဲ့အစည်း

ပိုမိုဖတ်ရှုရန်