
ပြည်ထောင်စုရဲ့ ဒိုင်လူကြီး- ဖက်ဒရယ်စနစ်တွင် ဖွဲ့စည်းပုံခုံရုံးအရေးပါပုံ
ဘယ်ပြိုင်ပွဲတိုင်းမှာမဆို ဒိုင်လူကြီးလိုပါတယ်။ ဖက်ဒရယ်စနစ်မှာလည်း အလားတူ ဒိုင်လူကြီးလိုပါတယ်။ အစိုးရ အဖွဲ့အစည်းအချင်းချင်းကြားမှာ ပြည်နယ်နဲ့ ပြည်ထောင်စု၊ ပြည်နယ်အချင်းချင်းကြားမှာ အငြင်းအခုံ ပြဿနာတွေရှိလာရင် ပဋိပက္ခမဖြစ်စေပဲ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ဆုံးဖြတ်ပေးတဲ့ အမြင့်ဆုံးအဖွဲ့အစည်းက ဖွဲ့စည်းပုံဆိုင်ရာခုံရုံး (ခုံသမာဓိရုံး) ပဲဖြစ်ပါတယ်။
ဖွဲ့စည်းပုံဆိုင်ရာခုံရုံး၏လုပ်ငန်းဆောင်တာများ
ခုံရုံးက ပြည်ထောင်စုရဲ့ အဆင့်အမြင့်ဆုံးဥပဒေ (ဝါ) ဖွဲ့စည်းပုံကို အနက်ပြန်တဲ့အလုပ်ကိုလုပ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရတွေကြားမှာ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း အချင်းချင်းကြားမှာဖြစ်တဲ့ အငြင်းအခုံတွေကို ဆုံးဖြတ်ဖြေရှင်းပေးနိုင်ပါတယ်။ ပြီးတော့ တည်ဆဲ၊ တည်ဆဲလတ္တံဥပဒေတွေ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်ခြင်းရှိမရှိကိုလည်း စိစစ်ထုတ်ပြန်ပေးပါတယ်။ နိုင်ငံသားတွေအတွက်တော့ အာဏာအလွဲသုံးစားလုပ်ပြီး ဖွဲ့စည်းပုံပါ နိုင်ငံသားအခွင့်အရေးတွေ ချိုးဖောက်ခြင်းမခံရအောင် ကာကွယ်စောင့်ရှောက်ပေးပါတယ်။ ပြည်ထောင်စုအဆင့်ကစလို့ ပြည်နယ်တိုင်းဒေသကြီးအဆင့်နဲ့ အောက်ခြေအထိ အစိုးရအဖွဲ့အစည်းအမျိုးမျိုးကို သူတို့ရဲ့လုပ်ပိုင်ခွင့်တွေ ကျော်လွန်ဆောင်ရွက်ခြင်းမရှိရလေအောင် ထိန်းညှိကာကွယ်ပေးပါတယ်။
ဘာ့ကြောင့် ဖက်ဒရယ်အတွက် အရေးပါ
ဖက်ဒရယ်စနစ်တစ်ခုအောင်မြင်ဖို့အတွက် ဘယ်သူ့မှာ အာဏာဘယ်လောက်ရှိတယ်ဆိုတာကို ရှင်းလင်းစွာ ခွဲခြားသတ်မှတ်ပြီး အတိအကျလိုက်နာစေဖို့လိုပါတယ်။ ဘယ်လောက်ပဲ စာရွက်ပေါ်မှာရှင်းအောင်လုပ်ထား လုပ်ထား လက်တွေ့မှာတော့ နားလည်မှုအလွဲတွေ၊ အငြင်းအခုံဖြစ်စရာတွေ အမြဲကြုံရတတ်ပါတယ်။ သယံဇာတတွေနဲ့ အခွန်ကို ဘယ်သူစီမံမလဲ၊ ရဲလိုအရေးကြီးတဲ့ အဖွဲ့အစည်းတွေကို ဘယ်သူကထိန်းချုပ်မလဲစတာတွေဟာ ပြသာနာတက်တတ်တဲ့ ဥပမာတစ်ချို့ပါ။ ဥပမာ- ဂျာမနီနိုင်ငံမှာ ဖက်ဒရယ်ဖွဲ့စည်းပုံ ခုံရုံးက ဗဟိုနဲ့ ပြည်နယ်တွေကြားက အငြင်းအခုံပေါင်းများစွာကို ဖြေရှင်းပေးပြီး ဘယ်သူ့မှာ ဘယ်လောက်လုပ် ပိုင်ခွင့်ရှိတယ်ဆိုတာကို တိကျစွာဆုံးဖြတ်ပေးပါတယ်။ တောင်အာဖရိကမှာလည်း လူမျိုးရေးခွဲခြားတဲ့ အပါသိုက်ခေတ်လွန်နောက်ပိုင်းမှာ ခုံရုံးက ဒေသန္တရအစိုးရတွေနဲ့ ဗဟိုအစိုးရကြားမှာ ပူးပေါင်းဆောင်ရွက် တဲ့ အုပ်ချုပ်ရေးစနစ်သစ်တစ်ရပ်ဖော်ဆောင်ဖို့ တွန်းအားပေးပြီး ကြပ်မတ်ပေးနိုင်ခဲ့ပါတယ်။ အီသီယိုပီးယားမှာဆိုရင် House of Federation လို့ခေါ်တဲ့ခုံရုံးက ဗဟိုအဆင့်ဥပဒေနဲ့ ပြည်နယ်အဆင့်ဥပဒေတွေကြားက ပွတ်တိုက်မှုတွေကို ဖြန်ဖြေပေးပြီး ပဋိပက္ခကြီးကြီးမားမားမပေါ်အောင် ကာကွယ်ပေးနိုင်ခဲ့တယ်။
မြန်မာနိုင်ငံအတွက် သင်ခန်းစာ
မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံခုံရုံးရှိခဲ့ပေမယ့် အပြည့်အဝအသက်မဝင်ခဲ့ပါဘူး။ တစ်ဖက်မှာရှိတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဖွဲ့စည်းပုံဆိုင်ရာ အငြင်းအခုံတွေနဲ့ ဗဟိုနဲ့ ပြည်နယ်တွေကြားက ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်မရှိပါဘူး။ လက်တွေ့မှာလည်း ဗဟိုအစိုးရကသာ ဖွဲ့စည်းပုံဆိုင်ရာဖွင့်ဆိုချက်တွေကို သမ္မတရဲ့ သက်တမ်းနဲ့အညီ ၎င်းကိုယ်တိုင်ခန့်အပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကနေ ဆောင်ရွက်ပြီး သီးခြားလွတ်လပ်တဲ့ခုံရုံးလိုမျိုး ဒိုင်လူကြီးက ရှိမနေတာကို တွေ့ရပါတယ်။ ဒီကွက်လပ်ကြောင့်ပဲ နိုင်ငံရေးအကျပ်အတည်း၊ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းတွေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ခြင်းမရှိခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။ ဒါကြောင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်တဲ့အခါမှာ အလွန်အရေးပါပြီး သီးခြားလွတ်လပ်ဖို့လည်းလိုတဲ့ ဒီမိုကရေစီအင်စတီကျူးရှင်းတစ်ခုအကြောင်းကို မီးမောင်းထိုးတင်ဆက်ပေးလိုက်ရပါတယ်။
Civic M ပရိတ်သတ်တွေအတွက် လာမယ့် post အသစ်တွေမှာ ဒီလိုမျိုး ဖက်ဒရယ်စနစ်အတွက် မရှိမဖြစ်အရေးပါတဲ့ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ အကြောင်းကို တစ်ခုချင်း ဆက်လက် မိတ်ဆက်တင်ပြသွားမှာဖြစ်ပါတယ်။ Civic M ပရိတ်သတ်တွေလည်း သိလို၊ ဆွေးနွေးလိုတဲ့ အင်စတီကျူးရှင်း အမျိုးအစားတွေရှိရင်လည်း comment မှာ မျှဝေဆွေးနွေးပေးလို့ရကြောင်း ဖိတ်ခေါ်လိုက်ရပါတယ်။