
ဖက်ဒရယ်ကို နိုင်ငံရေးစနစ်တစ်ခုအနေနဲ့ ရွေးချယ်လျှောက်လှမ်းကြတဲ့ နိုင်ငံတွေတိုင်းမှာ ဒီလိုရွေးရခြင်း အကြောင်းတရားတစ်ခုတည်းရှိတယ်လို့ ဆိုချင်ဆိုလို့ရပါတယ်။ အဲဒါကတော့ (နိုင်ငံ)တစ်ပိုင်းတစစီမပြိုကွဲဘဲနဲ့ မတူကွဲပြားခြင်းတွေကို ထွေးပွေ့စီမံနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ နယ်စပ်မျဥ်းတွေဆွဲတာတို့၊ ဖွဲ့စည်းပုံရေးတာတို့က တကယ်တမ်းသိပ်မခက်လှဘူးလို့ဆိုရပါမယ်။ ဖက်ဒရယ်စနစ်တစ်ခု ရှင်သန်နိုင်ခြင်းရှိ၊ မရှိကို အဆုံးအဖြတ်ပေးတာကတော့ ပထဝီတွေ၊ သမိုင်းတွေမဟုတ်ဘဲ အခုတင်ပြမယ့် အင်စတီကျူးရှင်းတွေပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ တည်ငြိမ်ရင့်ကျက်တဲ့ဖက်ဒရယ်နိုင်ငံတွေမှာ နောက်ကွယ်ကနေ ထိန်းညှိပဲ့ကိုင်ပေးနေတဲ့ ထိရောက်ပြီး သီးခြားလွတ်လပ်တဲ့အင်စတီကျူးရှင်းတွေရှိကြပါတယ်။ မျှတစွာစီရင်တဲ့ တရားရုံးတွေ၊ ရိုးဖြောင့်စွာဆုံးဖြတ်တဲ့ကော်မရှင်တွေ၊ သယံဇာတတွေကို အမျှတဆုံးခွဲဝေပေးတဲ့ ကောင်စီတွေစသည်ဖြင့်ပေါ့။
ဒီမိုကရေစီမပါတဲ့ ဖက်ဒရယ်စနစ်တစ်ခုဟာ နိုင်ငံရေးအနှစ်သာရမရှိတဲ့ မြေပုံတစ်ပုံပဲဖြစ်နေမှာပါ။ နိုင်ငံသားတွေကို ကိုယ်စားပြုတဲ့၊ အာဏာကို ချိန်ခွင်လျှာညှိပေးတဲ့၊ အငြင်းအခုံတွေကို ဖြေရှင်းပေးတဲ့ အင်စတီကျူးရှင်းတွေကို နိုင်ငံသားတွေက ယုံကြည်သက်ဝင်လာကြတဲ့အခါမှသာ ဖက်ဒရယ်ဝါဒဟာ စာရွက်တွေ၊ မြေပုံတွေပေါ်ကနေ နိုင်ငံတစ်နိုင်ငံရဲ့ ရှင်သန်သက်ဝင်တဲ့ နိုင်ငံရေးဘဝထဲကို ဝင်လာမှာဖြစ်ပါတယ်။ ဒီအင်စတီကျူးရှင်းတွေ၊ အခြေခံအုတ်မြစ်တွေကို လျှစ်လျူရှုခဲ့ကြတဲ့နိုင်ငံတွေဟာ သိပ်မကြာခင်မှာ သူတို့အစပြုခဲ့တဲ့ ဒုံရင်းအခြေအနေကို ပြန်ပြန်ဆိုက်သွားကြတာ ခေတ်ပြိုင်သမိုင်းမှာ အများကြီးပါပဲ။ အချင်းချင်းမယုံကြည်မှုတွေ နဲ့ ဗဟိုက (လူတစ်စုက) အာဏာကို ချုပ်ကိုင်တဲ့အခြေအနေကို ပြန်ဆိုက်ရောက်သွားပြီး ပဋိပက္ခတွေလည်း မဖိတ်ခေါ်ဘဲ ပြန်ရောက်လာတတ်ပါတယ်။ ဖက်ဒရယ်ကို ထွေးပွေ့ ကျားကန်ပေးနိုင်တဲ့ အဓိကကျတဲ့ အင်စတီကျူးရှင်း ခုနစ်မျိုးကို အောက်ကပုံမှာ ဖော်ပြထားပါတယ်။
Civic M ပရိတ်သတ်တွေအတွက် လာမယ့် post အသစ်တွေမှာ ဒီအင်စတီကျူးရှင်းတွေ အကြောင်းကို တစ်ခုချင်း မိတ်ဆက်တင်ပြသွားမှာဖြစ်သလို ဖော်ပြပါ အင်စတီကျူးရှင်း ခုနစ်မျိုးအပြင် ပရိတ်သတ်တွေ ဆွေးနွေးလိုတဲ့ နောက်ထပ် အင်စတီကျူးရှင်း အမျိုးအစားတွေရှိရင်လည်း comment မှာ မျှဝေဆွေးနွေးပေးလို့ရကြောင်း ဖိတ်ခေါ်လိုက်ရပါတယ်။