
ဒီမိုကရေစီကြာရှည်ခံဖို့၊ ရှင်သန်ကြီးထွားဖို့ အရေးအကြီးဆုံးအရာတစ်ခုက အပေးအယူလုပ်ညှိနှိုင်းတဲ့ယဉ်ကျေးမှု (Compromise Culture) ထွန်းကားလာဖို့ပါပဲ။ အပေးအယူလုပ်ညှိနှိုင်းတတ်တဲ့ ဓလေ့တစ်ခု ဖြစ်ထွန်းမှသာလျှင် မတူညီတဲ့အကျိုးအမြတ်တွေကြားထဲ အတူတကွပေါင်းစည်းနေထိုင်နိုင်မှာ ဖြစ်ပါတယ်။
အပေးအယူယဉ်ကျေးမှုထွန်းကားရင် ငါသာလျှင်အမှန်ဆိုတဲ့ ယုံကြည်ချက်ကို အသေဆုပ်ကိုင်ထားတဲ့ဓလေ့မျိုး၊ လူ့အဖွဲ့အစည်းမျိုးမှာ ဖြစ်ထွန်းဖို့ခက်ခဲပါတယ်။ တစ်ခြားသူတွေမှာလည်း သူတို့ရဲ့ ရှုထောင့်အမြင်တွေရှိတယ်။ သူတို့ရဲ့ ခိုင်မာတဲ့တောင်းဆိုချက်တွေ ရှိတယ်လို့ မြင်ပေးတတ်တဲ့ လူ့အဖွဲ့အစည်းမှာသာလျှင်ဖွံ့ဖြိုးမှာဖြစ်ပါတယ်။
ကျန်းမာသန်စွမ်းတဲ့ ဒီမိုကရေစီယဉ်ကျေးမှုတစ်ခုဟာ အပေးအယူလုပ်ခြင်းကို အင်အားတစ်ရပ်အနေနဲ့ထားရှိကြပါတယ်။ အကြောင်းကတော့ အပေးအယူလုပ်ခြင်းဟာ ကိုယ့်ရဲ့ မျှော်မှန်းချက်တွေကို လက်တွေ့ကျကျရွှေ့ပေးတယ်။ ကွဲပြားခြားနားတဲ့ အကျိုးအမြတ်တွေကြားထဲမှာ သူ့ဘက်ကိုယ့်ဘက် ဟန်ချက်ညီအောင်တည့်မတ်ပေးမယ်။ ကွဲပြားမှုတွေရဲ့ ပိတ်ဆို့မှုဒဏ်ကို မခံရစေဘဲ ရှေ့ဆက်သွားဖို့ရာ တွန်းအားပေးတာမျိုးပဲဖြစ်ပါတယ်။
ဒါပေမယ့် ခြွင်းချက်တွေကိုထည့်ပြီးပြောရရင် အပေးအယူလုပ်ညှိနှိုင်းမှုမှန်သမျှကိုတော့ တရားမျှတတယ်လို့မဆိုနိုင်ပါဘူး။ ဒီမိုကရေစီ မူဘောင်နဲ့ တိုင်းပြည်ရှေ့ကိုဆက်သွားဖို့ရာ မျှော်မှန်းချက်တွေအပေါ် အခြေခံတဲ့အပေးအယူလုပ်ညှိနှိုင်းခြင်းကသာလျှင် ဒီမိုကရေစီ ရှင်သန်ထွန်းကားဖို့ရာ မရှိမဖြစ်တန်ဖိုးနှုန်းစံတွေပဲဖြစ်ပါတယ်။
အပေးအယူယဉ်ကျေးမှု မထွန်းကားတဲ့ ဒီမိုကရေစီအပြောင်းအလဲတွေဟာ နောက်ပြန်လန်ကျပြီး အဆိုးကျော့သံသရာလည်တဲ့ ဒီမိုကရေစီအကူးအပြောင်းမျိုးတွေဖြစ်ပေါ်တာအပြင် ဒီမိုကရေစီနဲ့အပေးအယူယဉ်ကျေးမှုကို မလိုလားတဲ့အုပ်စုတွေစုပြုံနေပြီဆိုရင် ပြောင်းလဲမှုကို လမ်းချော်အောင်လုပ်လာတတ်ကြပြီး ပြည်တွင်းပဋိပက္ခတွေများစွာဖြစ်ပေါ် လာစေပါတယ်။
ဒါ့ကြောင့် ဒီမိုကရေစီယဉ်ကျေးမှုနဲ့ အပေးအယူလုပ်ညှိနှိုင်းခြင်းဟာ ဒွန်တွဲနေတာပဲဖြစ်ပါတယ်။ ဒီမိုကရေစီ စိတ်ဝိညာဉ်ကိန်းအောင်းသူများဟာ အပေးအယူလုပ်ညှိနှိုင်းခြင်းကို ဘယ်တော့မှအားနည်းချက်အဖြစ်မမြင်ကြပါဘူး။ အကြွင်းမဲ့အာဏာပိုင်ဝါဒီများအတွက်သာ အပေးအယူလုပ်ညှိနှိုင်းခြင်းဆိုတာ ဖောက်ပြန်ခြင်းပဲလို့ယူဆကြတာမျိုးပါ။
Civic M ပရိတ်သတ်တွေအနေနဲ့လည်း ဒီမိုကရေစီနှင့်အပေးအယူယဉ်ကျေးမှု (Compromise Culture) နဲ့ပတ်သက်ပြီး မိမိတို့အတွေးအမြင်တွေကို မျှဝေပေးဖို့အတွက်လည်း ဖိတ်ခေါ်လိုက်ရပါတယ်။