သူနိုင်-ငါရှုံး ယဉ်ကျေးမှု (Zero-sum culture)ဆိုတာ တစ်ဖက်က အကျိုးအမြတ်ရှိနေခြင်းကို ကိုယ့်ဘက်က ဆုံးရှုံးမှုလို့ မြင်တဲ့ အမြင်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ သူနိုင်-ငါရှုံးယဉ်ကျေးမှု စိမ့်ဝင်ပျံ့နှံ့နေတယ်ဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ ဖက်ဒရယ်သစ်ပင်ရှင်သန်ဖို့ခက်ခဲတဲ့ ဖုန်းဆိုးမြေတစ်ခု ဖြစ်ပါတယ်။
ဖက်ဒရယ်ဝါဒဆိုတာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေကြား အပြန်အလှန်ဟန်ချက်ညီညီထိန်းကွပ်ပြီး ပူးပေါင်း ဆောင်ရွက်ကြရပါတယ်။ ဒါကြောင့် ဖက်ဒရယ်ဝါဒရဲ့ အသက်သွေးကြောဟာ အပေးအယူလုပ်ခြင်း (Compromise)၊ ညှိနှိုင်း ဆွေးနွေးခြင်း (Negotiation) နဲ့ နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ကို အမြဲမပြတ်ရှာဖွေနေရခြင်း အပေါ်အခြေခံပါတယ်။
သူနိုင်-ငါရှုံးယဉ်ကျေးမှုကတော့ အပေးအယူလုပ်ညှိယူခြင်းကို ဆုံးရှုံးမှုအဖြစ်မြင်တာပဲဖြစ်ပါတယ်။ ဆွေးနွေးမှုတိုင်းကို နှစ်ဦးနှစ်ဖက် ရေရှည်အကျိုးအမြတ်အတွက်လို့ မမြင်ဘဲ၊ တစ်ခြားသူ မသာမှ ငါအသာရမယ်လို့ မြင်တဲ့ဓလေ့ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို သူနိုင်-ငါရှုံး ယဉ်ကျေးမှုထွန်းကားတဲ့ လူ့အဖွဲ့အစည်းမှာ ဆွေးနွေးညှိနှိုင်းခြင်းဆိုတာ ကိုယ်အသာစီးရရမယ့် စစ်ပွဲတစ်ခုလို့ မြင်ကြတယ်။
ဖက်ဒရယ်ဝါဒဟာ ငါတို့လည်း ရှင်သန်မယ် ၊ သူတို့လည်း ရှင်သန်ခွင့် ရှိတယ် ဆိုတဲ့ နှလုံးသားအပေါ် အခြေခံတယ်။ ပြည်နယ်တစ်ခုရဲ့ အောင်မြင်မှုဟာ တခြားပြည်နယ်တစ်ခုရဲ့ အောင်မြင်မှုလို့ မှတ်ယူနိုင်စွမ်း ရှိရမယ်။ သူနိုင်-ငါရှုံးယဉ်ကျေးမှုက ဒါမျိုးကို ဘယ်လိုမှ လက်ခံမပေးနိုင်ဘူး။ အမြတ်ထုတ်ခံရတယ်လို့ မြင်တယ်။ ခြိမ်းခြောက်မှုအဖြစ်မြင်တယ်။
ထိရောက်တဲ့ ဖက်ဒရယ်ဝါဒဟာ ပြည်ထောင်စုအခွန်တွေကို ဖွံ့ဖြိုးမှုနည်းပါးတဲ့ ပြည်နယ်တွေ နောက်ကျ မကျန်ရအောင် ခွဲဝေပေးအပ်ဖို့ ကြိုးစားကြတယ်။ ဒါဟာ စာနာထောက်ထားကြောင်းပြသတဲ့ အလှူအတန်းတစ်ခုမဟုတ်ပါဘူး။ နိုင်ငံတည်ငြိမ်ရေး အတွက် ရင်းနှီးမြုပ်နှံမှုတစ်ခု ၊ ဓနဥစ္စာကို မျှဝေခံစားမှုဖြစ်တယ်။ သူနိုင်-ငါရှုံး ယဉ်ကျေးမှုကတော့ ချမ်းသာတဲ့ ဒေသတွေက သူတို့ကိုယ်သူတို့ ငါတို့ကတော့ အနစ်နာခံရပြီး အရှုံးပဲလို့ မြင်ကာ ငါတို့ Vs သူတို့ ( Us vs Them) အဖြစ် ကြည့်ကြပါတယ်။
ဖက်ဒရယ်ဝါဒဖြစ်ထွန်းဖို့ဆိုတာ အုပ်ချုပ်မှုပုံစံတစ်ရပ် ပြောင်းလဲလိုက်ရုံနဲ့ ဖြစ်မလာပါဘူး။ ဖက်ဒရယ်မျိုးစေ့ အပင်ပေါက်ဖို့ဆိုတာ အပြန်အလှန်အကျိုးအမြတ်၊ သူလည်းနိုင်ငါလည်းနိုင် ယဉ်ကျေးမှု၊ အပေးအယူလုပ် ရှင်သန်ခြင်း ဆိုတဲ့ တွေးခေါ်ပုံ (mindset)ကို ပျိုးထောင်ရမှာပဲဖြစ်ပါတယ်။ သူနိုင်-ငါရှုံး ဆိုတဲ့ အဆိပ်သင့်ပတ်ဝန်းကျင်မှာ ဘယ်ဖက်ဒရယ်ဝါဒမှ မရှင်သန်နိုင်ဘူး။ အတင်းလုပ်ယူမယ်ဆိုရင် အင်စတီကျူးရှင်းအတွင်း ဆုံးဖြတ်ချက်တွေမှာ မတိုးသာ မဆုတ်သာ ဖြစ်မယ်။ ပိတ်ဆို့သွားမယ်။ နောက်ဆုံးမှာ ပြိုကျမယ်။ Civic M ပရိတ်သတ်ကြီးအနေနဲ့ရော ကိုယ်ကိုယ်တိုင်ကိုယ့်ပတ်ဝန်းကျင်မှာ ဖုန်းဆိုးမြေတစ်ခုကို ဖန်တီးမိနေသလားဆိုတာကို ဆင်ခြင်သုံးသပ်မိဖို့ လိုအပ်ပါတယ်။