ဒီဆောင်းပါးမှာတော့ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေဟာ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေနဲ့ စီးပွားရေးကဏ္ဍကရတဲ့ အကျိုးအမြတ်တွေကို ဘယ်လိုပုံစံ အချိုးအစားတွေနဲ့ ခွဲဝေကြသလဲ၊ ဘာတွေကိုထည့်သွင်းစဥ်းစားသင့်သလဲ၊ ပြဿနာတက်လေ့ရှိတဲ့နေရာတွေက ဘာတွေလဲစသည်ဖြင့် မိတ်ဆက်ဆွေးနွေးသွားပါမယ်။
တိုင်းပြည်ရဲ့တစ်နေရာရာမှာ ရေနံသယံဇာတတွေတူးဖော်ရရှိတာမျိုး၊ ရေအားလျှပ်စစ်စီမံကိန်းကြီးတည်ဆောက်လိုက်တာမျိုး၊ ဒါမှမဟုတ် အခွန်အကောက်တွေအများကြီးရလိုက်တာမျိုးတွေမှာ အမြဲကြုံရလေ့ရှိတဲ့ မေးခွန်းကြီးကတော့ အကျိုးအမြတ်တွေကို ဘယ်သူကဘယ်လောက်ရမှာလဲ ဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ အကျိုးအမြတ်ကို သက်ဆိုင်ရာဒေသမြို့နယ်ကရမှာလား၊ ပြည်နယ်/တိုင်းကိုတင်ပေးရမှာလား၊ ဗဟိုအဆင့်က ချုပ်ကိုင်ပြီးစီမံမှာလားဆိုတာ အဓိကဆွေးနွေးရ၊ အငြင်းလည်းပွားရတဲ့ မေးခွန်းပါ။ ဒီမေးခွန်းဟာ စီးပွားရေးဖက်ဒရယ်စနစ်ရဲ့ အခြေခံမေးခွန်းလည်းဖြစ်ပါတယ်။
စီးပွားရေးဖက်ဒရယ်စနစ်ဆိုတာ ဗဟိုအစိုးရနဲ့ဖက်ဒရယ်ယူနစ်တွေကြားမှာ သဘာဝသယံဇာတတွေ၊ စီးပွားရေးအရင်းအမြစ်တွေနဲ့ တာဝန်တွေကို ဘယ်လိုဘယ်ပုံခွဲဝေမလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာ စီးပွားရေး၊ ငွေကြေးအကျိုးအမြတ်တစ်ခုထဲအတွက် မဟုတ်ဘဲ တရားမျှတမှု၊ တည်ငြိမ်အေးချမ်းမှုနဲ့စနစ်အပေါ် ယုံကြည်မှုအတိုင်းအတာတို့ကိုလည်း ထည့်သွင်းစဥ်းစားရလေ့ရှိတယ်။
ဘာတွေကို ခွဲဝေ၊ မျှဝေရတာလဲ?
အဓိကက သုံးခုဖြစ်ပါတယ်။
၁) သယံဇာတအရင်းအမြစ် – ရေနံ၊ ဓာတ်ငွေ့၊ တွင်းထွက်၊ ရေအားလျှပ်စစ်၊ သစ်တော၊ စိုက်ပျိုးမြေ၊ ရေအရင်းအမြစ် စတာတွေက အဓိကဖြစ်ပါတယ်။ ဒါတွေက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကကျပြီး နိုင်ငံအနှံ့ညီညီမျှမျှ ပျံ့နှံ့ တည်ရှိနေတာမျိုးလည်း မဟုတ်ပါဘူး။ ဒါတွေကို ဘယ်သူကထိန်းချုပ်ပြီး ဘယ်သူက အကျိုးခံစားရမယ်ဆိုတဲ့ ခွဲဝေမှုပုံစံတွေဟာ ငြိမ်းချမ်းသာယာဝပြောရေးရော၊ စစ်ပွဲတွေဆီကိုရော ဦးတည်သွားစေပါတယ်။
၂) ဘဏ္ဍာရေးအရင်းအမြစ် – အခွန်၊ အခ၊ သွင်းကုန်ထုတ်ကုန်အခွန်၊ သယံဇာတထုတ်ယူခွန်၊ မြေခွန်စတာတွေပါ။ အဓိကပုံစံနှစ်မျိုးနဲ့ မျှဝေကြပါတယ်။ အထက်အောက် (Top down) ပုံစံမှာ အခွန်အများစုက ဗဟိုအစိုးရဆီကိုတက်သွားပြီး အပေါ်ကမှသင့်တော်သလို ဖက်ဒရယ်ယူနစ်တွေကို ပြန်ခွဲပေးတဲ့ပုံစံဖြစ်ပါတယ်။ ဘေးတိုက်ပုံစံ (Horizontal) မှာတော့ အခွန်အများကြီးရတဲ့ ပြည်နယ်တွေက အခွန်အကောက်နည်းပါးပြီး ဆင်းရဲတဲ့ပြည်နယ်တွေကို တိုက်ရိုက် အချိုးကျခွဲပေးတာမျိုးဖြစ်ပါတယ်။
၃) အများပြည်သူအကျိုးပြုမှုများနှင့်ဝန်ဆောင်မှုများ – ဒါတွေကတော့ ရစရာမဟုတ်ဘဲပြန်ပေးစရာတွေဖြစ်ပါတယ်။ ကျန်းမာရေး၊ ပညာရေးစောင့်ရှောက်မှုတွေ၊ အခြေခံအဆောက်အဦနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ၊ ဘေးအန္တရာယ်ကာကွယ်တုံ့ပြန်ရေးနဲ့ လုံခြုံရေးလိုကိစ္စတွေမှာ ဘယ်သူကဘယ်လောက်ကျခံမှာလည်းဆိုတာ ဖက်ဒရယ်ယူနစ်တွေကြားမှာ တာဝန်ခွဲဝေရတာမျိုးပါ။ ဒါတွေက နိုင်ငံသားတွေရဲ့နေ့စဥ်ဘဝသာယာချမ်းမြေ့ရေးမှာ မရှိမဖြစ်အရာတွေဖြစ်ပါတယ်။
ခွဲဝေမှုက ဘာလို့အရေးကြီးတာလဲ?
စီးပွားရေးအရင်းအမြစ်တွေကို မျှမျှတတခွဲဝေနိုင်တဲ့ ဖက်ဒရယ်စနစ်တစ်ခုမှာ ဖက်ဒရယ်အဖွဲ့ဝင်ယူနစ်တွေအားလုံးဟာ တန်းတူရည်တူဆက်ဆံခံရပြီး အရင်ကရှိခဲ့တဲ့မညီမျှမှုတွေကိုလည်း ဖြေရှင်းပေးသွားနိုင်တာကို တွေ့နိုင်ပါတယ်။ ဒီလိုနဲ့ ဖက်ဒရယ်ယူနစ်တွေ၊ ပြည်နယ်တွေဟာ စနစ်အပေါ်ပိုမိုယုံကြည်လာပြီး ပြည်တွင်းစစ်ဖြစ်နိုင်ချေနဲ့ ခွဲထွက်လိုတဲ့ စိတ်ဆန္ဒတွေကိုလည်း လျော့ပါးသွားစေပါတယ်။ အစိုးရအဖွဲ့အဆင့်ဆင့်ရဲ့ တာဝန်ယူမှုနဲ့တာဝန်ခံမှုတွေ၊ ပွင့်လင်းမြင်သာမှု တွေလည်း ပိုမိုတိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ဓနမုန့်ဝိုင်းကို မျှတစွာခွဲဝေနိုင်တဲ့အခါ ဗဟိုနဲ့ ပြည်နယ်တွေ၊ ပြည်နယ်အချင်းချင်းကြားအငြင်းအခုံ၊ ပဋိပက္ခတွေနည်းလာပြီး အစိုးရအဆင့်ဆင့်ပိုမိုထိရောက်ကောင်းမွန်လာတာကို တွေ့မြင်ရနိုင်ပါတယ်။