ဒီဆောင်းပါးမှာတော့ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့အိမ်နီးချင်း၊ ဒေသတွင်းနိုင်ငံတစ်ချို့မှာ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေနဲ့ စီးပွားရေးကဏ္ဍက ရတဲ့ အကျိုးအမြတ်တွေကို ဘယ်လိုပုံစံအချိုးအစားတွေနဲ့ ခွဲဝေကြသလဲဆိုတာကို လက်တွေ့ဥပမာတွေအနေနဲ့ မိတ်ဆက်တင်ပြသွားပါမယ်။ အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ အရင်းအမြစ်ခွဲဝေပုံတွေဘယ်လိုကွဲပြားပြီး ဘာကြောင့် ဒီလိုကွဲပြားကြတာလည်းဆိုတာကိုလည်း အကြမ်းဖျင်းရှုမြင်နိုင်ပါလိမ့်မယ်။
အိန္ဒိယ- စုပေါင်းလုပ်ဆောင်ကြတဲ့ စီးပွားရေးဖက်ဒရယ်ပုံစံ
အိန္ဒိယဟာ ပြည်နယ်ပေါင်း ၂၈ ပြည်နယ်နဲ့ ပြည်ထောင်စုဒေသကြီး ၈ ခုပေါင်းစပ်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ဖက်ဒရယ်စနစ်ကို အဓိကဦးဆောင်ပုံဖော်တဲ့ အဖွဲ့အစည်းက ဘဏ္ဍာရေးကော်မရှင်ဖြစ်ပြီး ဗဟိုအစိုးရက ကောက်ခံရရှိတဲ့ အခွန်အခတွေကို ပြည်နယ်အလိုက် ဘယ်လို ခွဲဝေပေးမလဲဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။
ကုန်စည်နှင့် ဝန်ဆောင်မှုခွန် (Goods and Service Tax- GST) – အိန္ဒိယမှာ GST ကို ပြည်ထောင်စုအတိုင်းအတာနဲ့ တစ်ပြေးညီကောက်ခံပေမယ့် ဘယ်လိုပြန်လည်ခွဲဝေကြမယ်ဆိုတာကိုတော့ ဗဟိုနဲ့ ပြည်နယ်အစိုးရတွေကြားမှာ ညှိနှိုင်းဆောင်ရွက်လို့ရမယ့် GST ကောင်စီကို ဖွဲ့စည်းထားပြီး အဲဒီမှာ ပြည်နယ်တွေကလည်း ပြောရေးဆိုခွင့် အညီအမျှရကြတယ်လို့ဆိုပါတယ်။ အခွန်ခွဲဝေမှုရဲ့ ဖက်ဒရယ်အနှစ်သာရကလည်း ပြည်နယ်တွေကို ပြောရေးဆိုခွင့်နဲ့ ဆုံးဖြတ်ခွင့်အမှန်တကယ်ပေးတဲ့ အချက်ဖြစ်ပါတယ်။
သယံဇာတအရင်းအမြစ် – တွင်းထွက်၊ ရေနံနဲ့ ကျောက်မီးသွေးစသည်တို့ထွက်ရှိတဲ့ ပြည်နယ်တွေက အဲဒီကရတဲ့ Royalty လို့ခေါ်တဲ့ တူးဖော်ထုတ်ယူခကို အချိုးကျရပိုင်ခွင့်ရှိပေမယ့် ပမာဏအများစုကို ဗဟိုအစိုးရက ရယူပြီး တွင်းထွက်သယံဇာတမရှိတဲ့ ပြည်နယ်တွေနဲ့ ပြန်လည်ခွဲဝေဖို့အတွက် အသုံးပြုပါတယ်။
အိန္ဒိယရဲ့ စီးပွားရေးဖက်ဒရယ်စနစ်ဟာ ဗဟိုကအတော်များများကို ထိန်းချုပ်စီမံထားတာဖြစ်ပေမယ့် ပြည်နယ်တွေကိုလည်း ထိုက်တန်တဲ့ အချိုးအစားနဲ့ခွဲဝေပေးပြီး ပါဝင်ဆုံးဖြတ်ခွင့်ကိုပါ အင်စတီကျူးရှင်းတွေအလိုက်ပေးထားတဲ့အတွက် လက်ရှိအချိန်အထိ ပြဿနာအများအပြားတက်တာ မကြားရဘဲ လည်ပတ်လျက်ရှိပါတယ်။
အင်ဒိုနီးရှား- ပဋိပက္ခလွန် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းပုံစံ
ဆူဟာတိုအလွန် အင်ဒိုနီးရှားမှာ သူတို့အခေါ် Big Bang Decentralization လို့ခေါ်တဲ့ ဗဟိုအစိုးရလုပ်ပိုင်ခွင့် အများအပြားကို စီရင်စုတွေနဲ့ ခရိုင်တွေကို ခွဲဝေဖြန့်ချပေးတဲ့ လှုပ်ရှားမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။
သယံဇာတဝင်ငွေ – သယံဇာတကြွယ်ဝတဲ့ အာချေးနဲ့ ပါပူအာတို့လိုဒေသတွေက အခြားဒေသတွေနဲ့ ယှဥ်ရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကရတဲ့ ဝင်ငွေကို အချိုးအစားအများကြီး ရကြပါတယ်။
အထူးအခွင့်အရေး – အာချေးလို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကြောင့် ပဋိပက္ခဖြစ်ခဲ့တဲ့ဒေသမှာဆိုရင် ရေနံ၊ သဘာဝ ဓာတ်ငွေ့ဝင်ငွေရဲ့ စုစုပေါင်း ၇၀ ရာခိုင်နှုန်းအထိလောက်ကို သက်ဆိုင်ရာပြည်နယ်ကရစေဆိုတဲ့ အထူးပြဋ္ဌာန်းချက်မျိုးကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါကလည်း သယံဇာတနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကြောင့် ဆယ်စုနှစ်ချီ ပဋိပက္ခကို ဖြေရှင်းနည်း တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။
ဒေသတွင်းဝန်ဆောင်မှုလုပ်ငန်းများ – ပြည်နယ်တွေ၊ ခရိုင်တွေဟာ ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အဦစတဲ့ ကိစ္စတွေမှာ ကိုယ်ပိုင်စီမံဆောင်ရွက်ခွင့်ရှိပြီး ဘတ်ဂျက်ကိုတော့ ဒေသတွင်းကရတဲ့ အခွန်နဲ့ ဗဟိုကချပေးတဲ့ လွှဲပြောင်းရန်ပုံငွေတွေကနေ ရောနှောပြီး ကျခံသုံးစွဲကြတယ်။
အချုပ်ဆိုရရင် အင်ဒိုနီးရှားက အိန္ဒိယထက်ပိုပြီး စီးပွားရေးအရင်းအမြစ်တွေနဲ့ လုပ်ပိုင်ခွင့်ခွဲဝေပေးမှုတွေပိုရကြတယ်ဆိုတာတွေ့နိုင်ပါတယ်။ ဒါဟာလည်း အဓိကအားဖြင့် ပြည်နယ်တွေ၊ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအခြေခံတဲ့ ပဋိပက္ခတွေရှိခဲ့ပြီး ဒါတွေကို ဖြေရှင်းတဲ့အနေနဲ့ နိုင်ငံရေး အရ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့တွဲပြီး စီးပွားရေးဖက်ဒရယ်ကျင့်သုံးမှုကိုပါ ခွင့်ပြုပေးခဲ့ရတဲ့ အခြေခံကြောင့် လည်းဖြစ်ပါတယ်။