လတ်တလောအခြေအနေ
အဓိကရုဏ်းတွေကိုစတင်ဖြစ်ပေါ်စေတာကတော့ နီပေါနိုင်ငံရဲ့ ဝန်ကြီးပိုင်းဆိုင်ရာမှာ အကျင့်ပျက်ခြစားမှုတွေကိုရပ်တန့်ပြီး ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တစ်ခု ဖြစ်လာစေဖို့ Gen Z တွေက စတင်ဆန္ဒပြခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုဆန္ဒပြပွဲတွေ ကျယ်ပြန့်လာတဲ့အခါမှာတော့ လူမှုမီဒီယာပလက်ဖောင်း ၂၆ ခုကို သုံးစွဲခွင့်ပိတ်ပင်လိုက်ပါတယ်။ အစမှာတော့ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပေမယ့် အစိုးရက နှိမ်နှင်းတဲ့ပုံစံနဲ့ ရဲ-စစ်တပ်ရဲ့ အင်အားအလွန်အကျွံသုံးစွဲမှုကြောင့် လူတွေဒါဇင်နဲ့ချီပြီးသေဆုံးကြရတယ်။ နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေပါလာပြီး လွှတ်တော်ကို မီးတင်ရှို့တာနဲ့ နိုင်ငံရေးသမားတွေရဲ့ အိမ်တွေကို တိုက်ခိုက်ဖျက်ဆီးတာတွေ လုပ်လာကြပါတယ်။ စက်တင်ဘာ ၉ ရက်မှာတော့ ဝန်ကြီးချုပ် ရှာမာအိုလီရာထူးကဆင်းပြီး မြို့တော်ကနေထွက်ပြေးသွားခဲ့တယ်။ ပါလီမန်ကိုလည်း ဖျက်သိမ်းလိုက်ရသလို ဆန္ဒပြသူတွေနဲ့ စစ်တပ်နဲ့ညှိပြီး ဆူရှီလာကာကီလို့ခေါ်တဲ့ တရားသူကြီးချုပ်ဟောင်းအမျိုးသမီးကို ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခဲ့တယ်။ ထူးခြားတာက လူငယ်တွေဟာ Game ကစားသူတွေ (Gamer) စကားဝိုင်းအတွက် အဓိကသုံးတဲ့ Discord ဆိုတဲ့ ပလက်ဖောင်းကနေ ဆာဗာတွေထောင်ပြီး ဆန္ဒပြပွဲတွေနဲ့ ယာယီဝန်ကြီးချုပ်ခန့်အပ်ရေးကိစ္စတွေကို စည်းရုံးစီမံခဲ့ကြတာပါပဲ။
နောက်ထပ်အထူးပြုလိုတဲ့အချက်ကတော့ နီပေါရဲ့အကျပ်အတည်းဟာ ဖက်ဒရယ်ဒီမိုကရေစီရဲ့ အကျပ်အတည်းလည်းဖြစ်ပြီး ဒါကိုအနည်းငယ် ထပ်ဆွေးနွေးချင်ပါတယ်။ လောလောဆယ်တော့ နီပေါရဲ့ အရေးကြီးတဲ့ နိုင်ငံရေးမှတ်တိုင်တွေကို ကြည့်ကြည့်ကြရအောင်။
၁၉၉၀ နီပေါနိုင်ငံရဲ့ အုပ်ချုပ်မှုစနစ်အပြောင်းအလဲ – ပထမလူထုလှုပ်ရှားမှုကြီးက ပါတီမရှိတဲ့ ရာစုနှစ်သက်တမ်းရှိတဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ ပထမဆုံးဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲကာ ပါတီစုံဒီမိုကရေစီစနစ်ကို စတင်စေခဲ့ပါတယ်။
၁၉၉၆-၂၀၀၆ ပြည်တွင်းစစ် – နီပေါကွန်မြူနစ်ပါတီထူထောင်ပြီး မော်ဝါဒီတွေရဲ့ တော်လှန်ပုန်ကန်မှုကနေ နီပေါရဲ့နိုင်ငံရေးစနစ်ကိုခြိမ်းခြောက်ခဲ့ပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်စေခဲ့တာ ဆယ်စုနှစ် နှစ်ခုမျှကြာစေခဲ့ပါတယ်။ အဲ့ပြည်တွင်းစစ်မှာ စုစုပေါင်း လူ ၁၃,၀၀၀ ကျော်သေကျေခဲ့ရပြီး ဗဟိုအစိုးရနဲ့ လူမျိုးစုတွေကြား မယုံကြည်မှု အမြစ်တွယ်ခဲ့ကြပါတယ်။
၂၀၀၆ ငြိမ်းချမ်းရေး သဘောတူညီချက်နဲ့ ဘုရင်စနစ်ချုပ်ငြိမ်းခြင်း – ဒုတိယလူထုလှုပ်ရှားမှုကြီးနဲ့ ဘုရင်ကို ထီးနန်းစွန့်ခိုင်းခဲ့ကြပါတယ်။ ပြီးတော့ မော်ဝါဒီသူပုန်တွေနဲ့ ကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေးစာချုပ်ကိုချုပ်ဆိုပြီး ဆယ်စုနှစ်ကြာ မော်ဝါဒီ ဆူပူသောင်းကျန်းမှုတွေကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
၂၀၁၅ ဖွဲ့စည်းပုံအသစ်နဲ့ ဖက်ဒရယ်နိုင်ငံတော် – နီပေါဟာ ဖက်ဒရယ်နယ်မြေခုနစ်ခု ပါဝင်ဖွဲ့စည်းတဲ့ ဒီမိုကရေစီနိုင်ငံတော်အဖြစ် ဖွဲ့စည်းပုံအသစ်ကို ရေးဆွဲကျင့်သုံးခဲ့တယ်။ ဒါပေမယ့် အခြေအနေတွေက အကြွင်းမဲ့တည်ငြိမ်သွားတာမျိုးမဟုတ်ဘဲ မာဟီဆီ၊ တာရုစတဲ့ လူမျိုးစုအချို့က ဖက်ဒရယ်နယ်မြေခွဲဝေမှုကို လက်မခံနိုင်လို့ ဆန့်ကျင်ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။ မကျေနပ်တဲ့လူမျိုးစုတွေက နယ်စပ်ဂိတ်တွေနဲ့ အဓိကကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့ပြီး ဆန္ဒပြကြလို့ နိုင်ငံရေးနဲ့ စီးပွားရေးအတော် မတည်မငြိမ်ဖြစ်ခဲ့ရပါတယ်။
၂၀၂၅ – ရုံးရင်းဆန်ခတ်မှုများနှင့် နီပေါခေါင်းဆောင်မှုကျဆုံးခြင်း – ၂၀၂၅ မှာတော့ ဝန်ကြီးပိုင်းဆိုင်ရာမှာ အကျင့်ပျက်ခြစားမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ Gen Z လူငယ်တွေက ဆန္ဒပြခဲ့ကြပြီး ဆိုရှယ်မီဒီယာပလက်ဖောင်း ၂၆ခုကို ပိတ်ပင်ခဲ့တာကြောင့်ဆန္ဒပြပွဲတွေနဲ့ အဓိကရုဏ်းတွေ အကြီးအကျယ်ဖြစ်ပြီး ဆန္ဒပြသူ ၁၉ ဦးသေဆုံးကာအကြမ်းဖက်မှုတွေပါ ပါခဲ့ကြပါတယ်။ ဝန်ကြီးချုပ်နှုတ်ထွက်တယ်။ ပါလီမန်ဖျက်သိမ်းတယ်။ ယာယီအစိုးရကိုဖွဲ့စည်းပြီး စစ်အုပ်ချုပ်ရေးပါ ကြေညာခဲ့ရပါတယ်။
ဒီမိုကရေစီအခြေမခိုင်ခဲ့လို့ ဖက်ဒရယ်ကျဆုံးရပုံ
နီပေါရဲ့အဖြစ်မှာ ဒီမိုကရေစီအင်စတီကျူးရှင်းတွေနဲ့ ဓလေ့တွေအားကောင်းသင့်သလောက်မကောင်းခဲ့ဘဲ ဖက်ဒရယ်စမ်းသပ်မှုလည်း မအောင်မမြင်ဖြစ်ခဲ့ရတယ်ဆိုတာ တွေ့နိုင်ပါတယ်။ အဓိကအကြောင်းတရားတွေကတော့ ကိုယ်စားပြုမှုနဲ့ ပြဿနာအပေါ် တုံ့ပြန်ဆောင်ရွက်မှုအားနည်းတာ၊ ပဋိပက္ခဖြစ်လာတဲ့အခါ ကြားဝင်ညှိနှိုင်းဖြေရှင်းပေးနိုင်တဲ့ အင်စတီကျူးရှင်းတွေ မခိုင်မာတာ၊ ဖက်ဒရယ်စနစ်မှာ အပြန်အလှန်ထိန်းညှိမှုတွေ အားနည်းတာနဲ့ ဖိအားကြုံလာတဲ့အခါ အခြေခံဥပဒေပါ ဒီမိုကရေစီနည်းလမ်းတွေအတိုင်း ကျင့်သုံးဆောင်ရွက်ခြင်းမရှိဘဲ အခြေခံဥပဒေဘောင်အပြင်ဘက်ကဖြေရှင်းနည်းတွေကိုသုံးတာစတဲ့ အကြောင်းတရားတွေ ဖြစ်ကြပါတယ်။ ခြုံပြီးပြောရရင်တော့ ဒီမိုကရေစီ တင်းပြည့်ကျပ်ပြည့်မရှိတာ Democratic Deficit က ဖက်ဒရယ်ကို ဒုက္ခပေးသွားတာဖြစ်ပါတယ်။ အဂတိလိုက်စားမှု၊ ဆွေမျိုးသားချင်းကောင်းစားရေးဝါဒ၊ တရားမျှတမှုနဲ့တန်းတူညီမျှမှုကို အပြည့်အဝအာမခံမပေးနိုင်တာ၊ နောက်ဆုံး ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်တာလိုမျိုး လူတွေရဲ့ လိုအပ်ချက်နဲ့ ရပိုင်ခွင့်တွေကိုနားမလည်တာ၊ တစ်ဖက်သတ်ဆုံးဖြတ်ချက်ချတာစတဲ့ ဒီမိုကရေစီတင်းပြည့်ကျပ်ပြည့်မရှိမှုတွေက နီပေါရဲ့ ဖက်ဒရယ်ခရီးလမ်းကို မဖြောင့်ဖြူးစေခဲ့တာပဲ ဖြစ်ပါတယ်။