ကမ္ဘာကျော် ကေပေါ့ပ်အဖွဲ့ BTS ဟာ သူတို့ကိုရီးယားရိုးရာဝတ်စုံ ဟန်ဘွတ် (Hanbok) ကို ဂရမ်မီပွဲလိုမျိုး နိုင်ငံတကာ အထွတ်အထိပ်ပွဲကြီးတွေ အပါအဝင် သူတို့ရဲ့ ဖျော်ဖြေပွဲတွေမှာ မကြာခဏဝတ်ဆင်ပြီး သီဆိုဖျော်ဖြေလေ့ရှိပါတယ်။ ဒါဟာ စင်မြင့်ပေါ် သရုပ်ဆောင်ချက်၊ ဖက်ရှင်တီထွင်ချက်တွေတင် မဟုတ်ပါဘူး။ ယဥ်ကျေးမှု အမှတ်လက္ခဏာ တစ်ခုကို ဖော်ထုတ်တာ၊ ဂုဏ်ယူစွာ တင်ဆက်ပြသတာ ဖြစ်ပါတယ်။ သူတို့ ဒီလိုရိုးရာဝတ်စုံကို ဝတ်ဆင်ပြီးပွဲထွက်လာတိုင်းမှာလည်း တစ်ကမ္ဘာလုံးက ပရိတ်သတ်ကြီးက လှိုက်လှိုက်လှဲလှဲ အားပေးတတ်ပါတယ်။ ဒီလိုအားပေးတာဟာ သူတို့အနုပညာသက်သက်ကိုအားပေးတာမဟုတ်ပဲ သူတို့ဖော်ထုတ်ပြသတဲ့ ကိုးရီးယားဖြစ်မှုအမှတ်လက္ခဏာကို အားပေးအသိအမှတ်ပြုတာလည်းဖြစ်ပါတယ်၊ ဒီလိုကမ္ဘ့ာဂီတစင်မြင့်မှာ ကိုးရီးယားဆိုတာ ခေတ်အဆက်ဆက်က နေရာကြီးကြီးမားမား ရခဲ့တာမဟုတ်ပါဘူး။ ပြီးတော့ ပြည်တွင်းစစ်တွေ၊ စစ်အေးခေတ်နိုင်ငံတကာပဋိပက္ခတွေနဲ့ နိုင်ငံရေးလောကဓံတွေကနေ ရုန်းထလာခဲ့ရတဲ့ ကိုးရီးယားနိုင်ငံနဲ့ သူတို့ရဲ့ယဥ်ကျေးမှုကို ကမ္ဘ့ာမျက်နှာစာမှာ လူသိလာတာကလည်း သိပ်ကြာလှသေးတာမဟုတ်ပါဘူး။
ကမ္ဘာတစ်လွှားမှာ ယဥ်ကျေးမှုဆိုတာ အနုပညာတွေ၊ အဝတ်အစားအဆင်တန်ဆာတွေ၊ အစားအသောက်တွေနဲ့ လက်မှုပညာတွေကို တင်ဆိုလိုတာမဟုတ်ပါဘူး။ ယဥ်ကျေးမှုဆိုတာ သက်ဆိုင်ရာ လူအုပ်စု၊ လူ့အသိုင်းအဝိုင်းရဲ့အသံလည်းဖြစ်ပါတယ်။ ဒီအသံကို အလွယ်တကူဖော်ထုတ်နိုင်သလား၊ ဒါမှမဟုတ် ဖိနှိပ်ခံ၊ ဖျောက်ဖျက်ခံ၊ လှောင်ပြောင်နှိမ့်ချခံ ဖြစ်နေရသလားဆိုတာကို ကြည့်ပြီး ယဥ်ကျေးမှုဆိုင်ရာ ဗဟုဝါဒ ဘယ်လောက်ထွန်းကားသလဲ၊ မထွန်းကားဘူးလဲဆိုတာ သိနိုင်ပါတယ်။
မြန်မာနိုင်ငံဟာ နက်ရှိုင်းပြီး ကြွယ်ဝလှတဲ့ ယဥ်ကျေးမှုပေါင်းစုံနဲ့ ကောင်းချီးပေးခံရတဲ့ တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ ချင်းပြည်နယ်က ရိုးရာဂျက်ခုတ်အဆင်ထည်တွေ၊ မွန်တွေရဲ့ ရိုးရာတီးလုံးတွေ၊ ရှေးဟောင်းရှမ်းပေစာတွေနဲ့ ကရင်ရိုးရာဒုံးယိမ်းအကတို့လို ယဥ်ကျေးမှု အမှတ်လက္ခဏာပေါင်းစုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ Civic M ပရိတ်သတ်တွေအနေနဲ့ သတိချပ်ရမှာက ယဥ်ကျေးမှု အမှတ်လက္ခဏာတိုင်း၊ အသံတိုင်းဟာ တန်းတူအလေးပေးခံရတာတော့ မဟုတ်ပါဘူး။ မီဒီယာတွေ၊ ဖတ်စာအုပ်တွေနဲ့ အခမ်းအနား ပွဲလမ်းသဘင်တွေမှာ တစ်ချို့အမှတ်လက္ခဏာတွေက ပိုနေရာရပြီး တစ်ချို့ကတော့ နောက်တန်းရောက်အောင်၊ မှေးမှိန်ပျောက်ကွယ် သွားအောင်လုပ်ခြင်းခံရတတ်ပါတယ်။
ယဥ်ကျေးမှုမတူညီခြင်းအပေါ် နားလည်လက်ခံနိုင်ဖို့ဆိုရင် မေးရမယ့်မေးခွန်းက ဘယ်ယဥ်ကျေးမှု အမှတ်လက္ခဏာတွေက ရှေ့တန်းရောက် လူရာဝင်နေသလဲဆိုတဲ့ မေးခွန်မျိုးမဟုတ်ဘဲ၊ ဘယ်အမှတ်လက္ခဏာတွေ၊ အသံတွေ ပျောက်ဆုံးနေသလဲဆိုတဲ့မေးခွန်းပါ။ ဒါဟာ မတူညီတဲ့ ယဥ်ကျေးမှုတွေကို ပစ်ပယ် နှိမ်ချတာမျိုးမဟုတ်ဘဲ အတူတကွ ရှင်သန်ကြီးထွား ကြတာဖြစ်ပါတယ်။
BTS က ကိုရီးယားယဥ်ကျေးမှု အမှတ်လက္ခဏာတစ်ခုကို Hollywood ရဲ့ အမြင့်ဆုံးစင်မြင့်မှာ ချပြသလိုမျိုး မြန်မာနိုင်ငံရဲ့နေရာတိုင်း ထောင့်တိုင်းက ယဥ်ကျေးမှု အမှတ်လက္ခဏာတွေကိုလည်း ချပြနိုင်ပါတယ်။ ဒီအတွက် ကမ္ဘာ့စင်မြင့်မလိုပါဘူး။ မိမိတို့ရဲ့ ရပ်ရွာဝန်းကျင်မှာ၊ စာသင်ကျောင်းတွေမှာ၊ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ သတင်းကဏ္ဍစီးဆင်းမှု (News feed) တွေမှာ အချိန်မရွေး မည်သူမဆို စတင်လို့ရပါတယ်။