အမေရိကန်ပြည်ထောင်စုရဲ့ လူ့အခွင့်အရေးသမိုင်းမှာ ထင်ရှားအောင်မြင်ခဲ့တဲ့ လူထုလှုပ်ရှားမှု

2 min read | July 26, 2024
မျှဝေရန် :

Audio Book နားထောင်ရန်


“Civil Rights Movement” ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ထင်ရှားတဲ့ လူထုလှုပ်ရှားမှုတွေထဲက တစ်ခုအပါအဝင် ဖြစ်ပြီး ၁၉၅၀ ခုနှစ်ကနေ ၁၉၆၀ ဝန်းကျင်တွေမှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေရဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန် ပြည်ထောင်စုမှာ အာဖရိကန်အမေရိကန်နိုင်ငံသားတွေအပေါ် လူမျိုးရေးနဲ့ အသားအရောင်အရ ခွဲခြားဆက်ဆံတာတွေကို ရပ်တန့်ဖို့ဖြစ်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုတွေ (Non-violent protests) တွေနဲ့ အသားအရောင်အရ ခွဲခြားမှုရှိတဲ့ ဥပဒေတွေအပေါ် မလိုက်နာခြင်းတွေ (Civil Disobedience Movements) စတဲ့ လူထုလှုပ်ရှားမှုတွေပြုလုပ်ပြီး တန်းတူညီမျှတဲ့ နိုင်ငံသားအခွင့်အရေးတွေရရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။ အကျိုးရလဒ်အနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေနဲ့ ဖက်ဒရယ်ဥပဒေတွေထဲမှာ အာဖရိကန်အမေရိကန်တွေအပါအဝင် လူနည်းစုတွေ၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ခွဲခြားဆက်ဆံမှုမရှိဘဲ အကာအကွယ်ပေးတဲ့ဥပဒေတွေကို တောင်းဆို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ Civil Rights Movement အနေနဲ့လည်း လူမှုတရားမျှတမှုရရှိရေးဆိုင်ရာ လှုပ်ရှားမှုတွေထဲမှာ ထင်ရှားပြီး အောင်မြင်ခဲ့တဲ့ လှုပ်ရှားမှုတစ်ခုအနေနဲ့ သမိုင်းဝင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ပြည်တွင်းစစ်ပြီးကတည်းက ကျွန်စနစ်ကို တရားဝင်ဖျက်သိမ်းခဲ့ပေမယ့်လည်း အာဖရိကန်အမေရိကန်လူမျိုး တစ်နည်းအားဖြင့် လူမည်းတွေအပေါ် ဥပဒေအရရော လူမှုအသိုင်းအဝိုင်းထဲမှာပါ ခွဲခြားဆက်ဆံမှုတွေ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုရဲ့ တောင်ပိုင်းပြည်နယ်တွေနဲ့ ပြည်နယ်တချို့မှာ ကျင့်သုံးခဲ့ကြတဲ့ “Jim Crow Laws” လို့ သိကြတဲ့ ဥပဒေတွေဟာ အာဖရိကန်အမေရိကန်နိုင်ငံသားတွေရဲ့ မဲပေးပိုင်ခွင့်၊ အလုပ်အကိုင်ရရှိခွင့်၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အခွင့်အလမ်းတွေနဲ့ တခြားသော အခွင့်အရေးတွေအပေါ် ခွဲခြားဖိနှိပ်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကို ပြောင်းလဲနိုင်ဖို့အတွက် တက်ကြွလှုပ်ရှားသူတွေဟာ လှုပ်ရှားမှုမျိုးစုံနဲ့ တောင်းဆိုခဲ့ကြပါတယ်။

Civil Rights Movement ရဲ့ လှုပ်ရှားမှုတွေထဲမှာ လူထုရဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြသတာတွေနဲ့ အာဖရိကန်အမေရိကန်နိုင်ငံသားတွေအပေါ်ခွဲခြားဖိနှိပ်ထားတဲ့ ဥပဒေတွေကို မလိုက်နာဘဲ ဆန့်ကျင်သပိတ်မှောက်ခြင်းတွေ ပါဝင်ပါတယ်။ သပိတ်မှောက်လှုပ်ရှားမှုတွေထဲကမှ ထင်ရှားတဲ့ လှုပ်ရှားမှုနှစ်ခုအကြောင်း ပြောပြလိုပါတယ်။ ပထမတစ်ခုကတော့ “Montgomery Bus Boycott” ဖြစ်ပါတယ်။ အယ်လဘားမား (Alabama) ပြည်နယ် မောင့်ဂိုမာရီ (Montgomery) မြို့ရဲ့ ဥပဒေအရ ဘတ်စ်ကားအပါအဝင် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တွေမှာ အသားအရောင်ခွဲခြားမှုအရ ထိုင်ခုံနေရာရရှိမှု ခွဲခြားသတ်မှတ်ထားခဲ့တာတွေ ရှိပါတယ်။ ၁၉၅၅ ခုနှစ်မှာတော့ အာဖရိကန်အမေရိကန်အမျိုးသမီးဖြစ်တဲ့ ရိုဆာပတ်ခ် (Rosa Parks) က လူဖြူတစ်ဦးကို ခုံနေရာဖယ်ပေးဖို့ ငြင်းဆန်ခဲ့ပြီး စတင်ဆန့်ကျင်ခဲ့ရာကနေ ဖြစ်တည်လာခဲ့တဲ့ “Montgomery Bus Boycott” ဟာ ထင်ရှားတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ နောက် ၁၉၆၀ ခုနှစ်မှာ မြောက်ကာရိုလိုင်းနား (North Carolina) ပြည်နယ် ဂရင်းစ်ဘာရို (Greensboro) မြို့မှာရှိတဲ့ အသားအရောင်အရ ခွဲခြားဆက်ဆံပြီး ဝန်ဆောင်မှုပေးတဲ့ နေ့လယ်စာစားသောက်ဆိုင်တစ်ဆိုင်မှာ အာဖရိကန်အမေရိကန်ကောလိပ်ကျောင်းသားလေးယောက်က ဆိုင်ထဲ ဝင်ရောက်နေရာယူထိုင်ပြီး ထွက်ခွာဖို့ငြင်းဆန်ဆန္ဒပြရာကနေ စတင်ခဲ့တဲ့ “Greensboro Woolworth Sit-Ins” ဆန္ဒပြထုတ်ဖော်မှုတွေဟာ Civil Rights Movement ရဲ့ ထင်ရှားတဲ့အခန်းကဏ္ဍတွေအဖြစ် ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ၁၉၆၁ ခုနှစ်မှာ “Freedom Riders” လို့ အသိများကြတဲ့ အမေရိကန်ပြည်ထောင်စုတောင်ပိုင်းတစ်ခွင်မှာ အသားအရောင်အရ ခွဲခြာပြီး ဝန်ဆောင်မှုပေးထားတဲ့ ဘတ်စ်ကားဂိတ်တွေ၊ စားသောက်ဆိုင်တွေနဲ့ အများပြည်သူသုံးသန့်စင်ခန်းတွေကို တက်ကြွလှုပ်ရှားသူတွေ ဝင်ရောက်ကာ ခွဲခြားမှုကို ဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပြီး ပြင်းထန်တဲ့တုံ့ပြန်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ၁၉၆၃ ခုနှစ်မှာ အယ်လဘားမားပြည်နယ် ဘာမင်ဂမ် (Birmingham) မြို့မှာ အသားအရောင်ပေါ်ခွဲခြားဆက်ဆံမှုကိုဆန့်ကျင်တဲ့ အာဖရိကန်အမေရိကန်ကျောင်းသူကျောင်းသားတွေရဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုတွေအပေါ် ဖမ်းဆီးမှုတွေနဲ့ ဖြိုခွင်းခံရမှုတွေကြုံခဲ့ရပြီး တစ်ပြည်လုံးအတိုင်းအတာနဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေဖြစ်ပေါ်လာဖို့အတွက် တွန်းအားတစ်ရပ်ဖြစ်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ဘာမင်ဂမ်မြို့မှာ စားသောက်ဆိုင်တွေ၊ လုပ်ငန်းခွင်တွေနဲ့ အများပြည်သူသုံးသန့်စင်ခန်းတွေမှာ အသားအရောင်ခွဲခြားမှုတွေကို ပယ်ဖျက်ခဲ့ရသလို အာဖရိကန်အမေရိကန်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှာတော့ နိုင်ငံတစ်ဝန်းလုံးက လူပေါင်း နှစ်သိန်းငါးသောင်းကျော်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော် ဝါရှင်တန်ဒီစီ (Washington D.C.) ကို ချီတက်ဆန္ဒပြခဲ့ကြပြီး Civil Rights Movement လှုပ်ရှားမှုတွေမှာ ထင်ရှားတဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မာတင်လူသာကင်းဂျူနီယာ (Martin Luther King Jr.) အပါအဝင် အခြားသောတက်ကြွလှုပ်ရှားသူတွေဟာ လူမျိုး၊ အသားအရောင်အပေါ်ခွဲခြားမှုမရှိဘဲ တန်းတူညီမျှတဲ့အခွင့်အရေးကို ပေးနိုင်မယ့် ဥပဒေတွေကို ဖော်ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီလို ဆန္ဒပြထုတ်ဖော်မှုတွေနဲ့ သပိတ်မှောက်တောင်းဆိုမှုတွေကြောင့် အမေရိကန်ပြည်ထောင်မှုမှာ လူမျိုး၊ အသားအရောင်ပေါ်မူတည်ပြီး ခွဲခြားမှုတွေအပေါ် အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ တရားရုံးချုပ်ဟာ အစိုးရကျောင်းတွေကို အသားအရောင်ပေါ်မူတည်ပြီး ခွဲခြားတည်ထောင်ခြင်းဟာ အခြေခံဥပဒေနဲ့ မညီညွတ်ကြောင်း သတ်မှတ်ခဲ့ပြီး ခွဲခြားမှုကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာတော့ “Civil Rights Act of 1964” ကို ပြဋ္ဌာန်းခဲ့ပြီး အများပြည်သူပိုင်နေရာတွေမှာ ခွဲခြားမှုတွေကို တားမြစ်ခဲ့ကာ တန်းတူညီမျှမှု ရရှိစေခဲ့သလို အလုပ်အကိုင်ခန့်အပ်တဲ့အခါမှာလည်း လူမျိုး၊ အသားအရောင်၊ ကိုးကွယ်ယုံကြည်မှု၊ လိင်ဖြစ်တည်မှုနဲ့ မျိုးရိုးဇာတိအပေါ်မူတည်ပြီး ခွဲခြားခြင်းအပေါ် တရားမဝင်ကြောင်း သတ်မှတ်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၆၅ မှာ ပြဋ္ဌာန်းခဲ့တဲ့ “Voting Rights Act of 1965” ကြောင့် လူနည်းစုတွေရဲ့ မဲပေးခွင့်အပေါ် မှာ ခွဲခြားဆက်ဆံမှုမရှိအောင် ဖက်ဒရယ်အစိုးရအနေနဲ့ အကာအကွယ်ပေးထားမှုကို ရရှိခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှာတော့ “Fair Housing Act” လို့လည်း အသိများကြတဲ့ “Civil Rights Act of 1968” ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး လူမျိုး၊ ကိုးကွယ်ယုံကြည်မှုနဲ့ မျိုးရိုးဇာတိစတာတွေအပေါ် မခွဲခြားဘဲ တန်းတူညီမျှမှုရှိတဲ့ အိမ်ရာပိုင်ဆိုင်မှုအခွင့်အရေးတွေကို ရရှိစေခဲ့ပါတယ်။

Civil Rights Movement ဟာ အမေရိကန်ပြည်ထောင်စုရဲ့ လူ့အခွင့်အရေးသမိုင်းမှာသာမက ကမ္ဘာတစ်ဝန်းက လူမှုတရားမျှတမှုဆိုင်ရာ လှုပ်ရှားမှုတွေထဲမှာ ထင်ရှားပြီး အောင်မြင်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကနေတစ်ဆင့် နိုင်ငံသားတွေရဲ့ လူမျိုး၊ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု၊ အသားအရောင်၊ လိင်ဖြစ်တည်မှုနဲ့ မျိုးရိုးဇာတိအပေါ်မူတည်ပြီး ခွဲခြားဆက်ဆံတွေမှုမရှိစေဘဲ တန်းတူညီမျှတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ ပညာရေး အခွင့်အလမ်းတွေကို ရရှိစေနိုင်ဖို့အတွက် ဥပဒေအရရော လူ့အဖွဲ့အစည်းအတွင်းမှာပါ အကာအကွယ်ပေးနိုင်မှုတွေ ရှိလာအောင် လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံသားအခွင့်အရေးဆိုတာ လူသားတိုင်း ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးဖြစ်ပြီး လူမှုတရားမျှတမှုဟာလည်း လူသားအားလုံးအတွက် လူ့အဖွဲ့အစည်းထဲမှာ တန်းတူညီမျှတဲ့ အခွင့်အလမ်းတွေရရှိလာဖို့အတွက် အရေးကြီးတဲ့ ဒီမိုကရေစီတန်ဖိုးနဲ့ အတွေးအခေါ်တစ်ခုအဖြစ် ရှိနေပါတယ်။

ကိုးကား။ ။
https://www.britannica.com/…/American-civil-rights…
https://www.history.com/…/civil-rights-movement-timeline
https://www.adl.org/…/backgrounder/civil-rights-movement
https://www.npr.org/…/the-first-civil-rights-bus-boycott
https://www.history.com/…/black…/the-greensboro-sit-in
https://www.nps.gov/articles/march-on-washington.htm

ဆက်စပ်ဆောင်းပါးများ

2 mins read

ဖက်ဒရယ်စနစ်နှင့် သံတူကြောင်းကွဲနိုင်ငံရေးစနစ်များ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအချို့နှင့် အတွေ့အကြုံများ

ပိုမိုဖတ်ရှုရန်
2 mins read

အတွင်းပေါင်းစည်းမှု ဖက်ဒရယ်၏ လာရာနှင့်လားရာ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဝါဒ မူလအရင်းအမြစ်ပုံစံနှစ်မျိုး

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဝါဒ အခြေခံ

ပိုမိုဖတ်ရှုရန်
2 mins read

တန်းတူညီမျှမှုဆိုင်ရာ ဝိရောဓိများ

ပိုမိုဖတ်ရှုရန်
2 mins read

တန်းတူညီမျှမှု (Equality) ဆိုတာဘာလဲ?

ပိုမိုဖတ်ရှုရန်
2 mins read

ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း (Peaceful Coexistence)

ပိုမိုဖတ်ရှုရန်
2 mins read

တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ

ပိုမိုဖတ်ရှုရန်
2 mins read

လူထုအသံနား‌ထောင်တဲ့အစိုးရမျိုး

ပိုမိုဖတ်ရှုရန်