သူမနှင့် သူ၊ သူနှင့် သူမ

2 min read | June 12, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

 

စိတ်ဝင်စားစရာ ပုံတစ်ချို့ ပြထားပေးပါတယ်။ အပေါ်က ပုံကြီးနှစ်ပုံကသူတွေကို သိကြတယ်မဟုတ်လား။ သူတို့နှစ်ဦးစလုံးဟာ သူ့ခေတ်သူ့အခါနဲ့ ကမ္ဘာပေါ်မှာ သြဇာအာဏာအကြီးဆုံး ပုဂ္ဂိုလ်နှစ်ဦး၊ မဟာပုရိသနှစ်ဦးဖြစ်ပါတယ်။ အပေါ်ဘယ်ဘက်က ပြင်သစ်ဘုရင် လူဝီ- ၁၄၊ “ငါသည်ပင် နိုင်ငံတော်ဖြစ်တော့သည်- I am the State” လို့ပြောခဲ့တဲ့ အလွန်သြဇာကြီးခဲ့တဲ့ သူပါ။ အဲဒီပုံကို သူကိုယ်တိုင်အဲဒီခေတ်က ပြင်သစ်မှာ နာမည်အကျော်ကြားဆုံး ပုံတူပန်းချီဆရာ တစ်ယောက်ဆီမှာအပ်ပြီး ဆွဲခိုင်း ထားတာဖြစ်လို့ တရားဝင်ပန်းချီပုံတူပါ။ အခုထိ ဗာဆိုင်းနန်းတော်မှာ ချိတ်ဆွဲထားတယ်လို့ သိရပါတယ်။ ဒီနေရာမှာ Civic M ပရိတ်သတ်တွေကို တင်ပြချင်တာက ဝတ်စားဆင်ယင်မှုပုံစံပါ။ သူတို့နှစ်ယောက်စလုံး မဟာဖိုဝါဒကို ကိုယ်စားပြုပြီး ခေတ်တစ်ခေတ်ရဲ့ အာဏာစက်အပြင်းဆုံးယောကျ်ားတွေဖြစ်ပါတယ်။ ဘယ်သူရဲ့ ဝတ်ပုံစားပုံကပိုပြီး စိတ်ဝင်စားဖို့ကောင်းပါသလဲ။

ဘယ်ဘက်က ပုံမှာဆံပင်ကောက်အရှည်ကြီးနဲ့ (ဆံပင်တုလည်းဖြစ်နိုင်)၊ အသားကပ်ခြေအိတ်နဲ့၊ ခွာမြင့်ဒေါက်ဖိနပ်နဲ့၊ ပြီးတော့ ဓားရှည်နဲ့၊ ပို့စ်ကလည်း ကချေသည်လိုလိုဘာလိုလို။ ဓားရှည်ကလွဲရင် ဒီအဝတ်အစားအပြင်အဆင်တွေဟာ မဟာဖိုဝါဒီ အာဏာစက်အပြင်းဆုံး အမျိုးသားတွေရဲ့ ဖက်ရှင်အဆင်တန်ဆာလို့ ခုခေတ်မှာ ဘယ်သူက ထင်မှာလဲ။ ဒါပေမယ့် အဲဒီခေတ်အခါက လူဝီ-၁၄ ကို ဥရောပရဲ့ အာဏာအရှိဆုံး၊ ယောက်ျားအဆန်ဆုံး၊ အကြမ်းဆုံး ဘုရင်တစ်ပါးရဲ့ ပုံရိပ်အနေနဲ့ အားလုံးက လက်ခံထားကြပါတယ်။

အပေါ်ညာဘက်ကပုံမှာရော၊ တစ်ချိန်က မဟာဖိုဝါဒီ အာဏာရှင်ယောကျ်ားကြီးတွေရဲ့ ဆံတုတွေ၊ အသားကပ်ခြေအိတ်တွေနဲ့ အရောင်စိုတဲ့ ဒေါက်ဖိနပ်တွေ ဘယ်‌ရောက်ကုန်သလဲ။ ခေတ်အဆက်ဆက် အာဏာစက်ပြင်း၊ အင်အားကြီးပါတယ် ဆိုတော့ ပုရိသလူစွမ်းကောင်းတွေဟာ တောက်တောက်စိုစိုအဝတ်တန်ဆာတွေနဲ့ ဆန်းကြယ်လှပတဲ့ အဆင်တန်ဆာတွေကို အမြဲဆင်မြန်းခဲ့ကြတာ မဟုတ်လား။ ပုံအသေးတွေကိုကြည့်ပါဦး။

ခေတ်အဆက်ဆက်မှာ ‘ဖို’ဖြစ်မှုနှင့် ‘မ’ ဖြစ်မှုဆိုင်ရာ အမှတ်သင်္ကေတတွေ အမြဲပဲရွေ့လျားပြောင်းလဲနေတာကို မီးမောင်းထိုးပြချင်တာပါ၊ Civic M ဟာ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ မတူကွဲပြားမှုတွေကြားထဲ ဒီမိုကရေစီစံနှုန်းတွေကို ပိုမိုလက်ခံကျင့်သုံးလာစေဖို့နဲ့ ဒီမိုကရေစီနဲ့ အမြဲယှဥ်တွဲတည်ရှိအပ်တဲ့ ဗဟုဝါဒ (Pluralism) တန်ဖိုးတွေအားကောင်းလာအောင် ဆောင်ရွက်နေရာမှာ ကျား/မတန်းတူညီမျှမှုနှင့် ဗဟုဝါဒကြားက အဆက်အစပ်တစ်ချို့ကို စတင်မိတ်ဆက်သွားပါမယ်။ ဗဟုဝါဒနဲ့ ကျား/မလိင်တန်းတူညီမျှမှု Gender Equality (Gender ဆိုတာကျား/မနှစ်မျိုးထဲတင်မဟုတ်ပဲ မတူကွဲပြားတဲ့ လိင်စိတ်တိမ်းညွှတ်မှုအားလုံးကို ရည်ရွယ်တာပါ) တို့ဟာ နက်နက်ရှိုင်းရှိုင်းဆက်စပ် နေကြတာဖြစ်ပြီး သူတို့နှစ်ခုစလုံးက အားလုံးပါဝင်နိုင်မှု (Inclusion)၊ မျှတမှု (Fairness) နဲ့ မတူကွဲပြားတဲ့ လူမှုအမှတ်လက္ခဏာတွေနဲ့ အတွေ့အကြုံတွေကို အထူးအလေးအနက်ထား ဦးစားပေးပါတယ်။

ဗဟုဝါဒဟာ လူမှုလိင်ဆိုင်ရာ မတူကွဲပြားမှုတွေအားလုံးကို အသိအမှတ်ပြုလက်ခံနိုင်တဲ့ အယူဝါဒဖြစ်ပါတယ်။ ကျား/မလိင် တန်းတူညီမျှမှုမှာ လူမှုလိင်ဆိုင်ရာ တိမ်းညွှတ်မှုပုံစံအားလုံး ကျား/မနှစ်မျိုးလုံးမဟုတ်သူ၊ လိင်ပြောင်းနဲ့ လိင်တူများအားလုံးကို တန်းတူအသိအမှတ်ပြုပြီး သူတို့အားလုံးမှာ တန်းတူညီမျှတဲ့ လူ့ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်တွေရှိကြတယ်လို့ လက်ခံပါတယ်။ ဗဟုဝါဒက လူမှုလိင်ဆိုင်ရာ စံသတ်မှတ်မှုတွေမှာ အစဥ်အလာ၊ ကျား/မဆိုတဲ့ ပုံစံခွက်ထဲ အတင်းသွတ်သွင်းတာကို လက်မခံပဲ၊ လိင်စိတ် တိမ်းညွှတ်မှုကို မတူညီတဲ့၊ အစဥ်အလာနဲ့ ကွဲထွက်တဲ့ ပုံစံအမျိုးမျိုးနဲ့ ဖော်ထုတ်ကြတာ၊ လက်တွေ့နေထိုင်ကျင့်သုံးကြတာကို လက်ခံပေးပါတယ်။
ဗဟုဝါဒက အမျိုးသမီးတွေနဲ့ လူမှုလိင်ဆိုင်ရာ လူနည်းစုအုပ်စုဝင်တွေကို အစိုးရအဖွဲ့အစည်းအဆင့်ဆင့်၊ အခြားနိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေ၊ ရပ်ရွာအသိုင်းအဝိုင်းနဲ့ အိမ်ထောင်စုအဆင့်အထိ ဆုံးဖြတ်ချက်ချမှတ်တဲ့ ဖြစ်စဥ်တွေမှာ မျှမျှတတပါဝင် လာနိုင်အောင် အားပေးပါတယ်။ ဗဟုဝါဒလက်ခံကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေနဲ့ လူမှုလိင်ဆိုင်ရာ မတူကွဲပြားသူတွေကို ဘေးဖယ်ထုတ်လေ့ရှိတဲ့ အစဥ်အလာပါဝါ ကျင့်သုံးမှုပုံစံတွေကို စိန်ခေါ်ပြီး ယခင်ဘေးဖယ်ခံတွေရဲ့ အသံတွေ ပိုအားကောင်းလာအောင် လုပ်ပေးပါတယ်။

လိင်အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှု၊ စီးပွားရေးအရ မညီမျှမှုတွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်ဖို့ကို ဗဟုဝါဒကရော လူမှုလိင်တရားမျှတရေးသမားတွေကပါ ဦးစား‌ပေးလုပ်ဆောင်ကြလေ့ရှိပါတယ်။ ဗဟုဝါဒကျင့်သုံးတဲ့ တိုင်းပြည်တွေမှာ လူမှုလိင်ပုံစံ ပေါင်းစုံအကျုံးဝင်၊ ပါဝင်နိုင်မယ့်ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လုပ်သားစျေးကွက်ဆိုင်ရာ မူဝါဒတွေရှိကြပြီး ဒါတွေကို အားကောင်းလာအောင် ဥပဒေနဲ့ အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်ဆောင်ကြပါတယ်။

ဗဟုဝါဒချဥ်းကပ်ပုံမှာ လူမှုလိင်အရ တစ်ခုထဲမဟုတ်ပဲ ခွဲခြားဆက်ဆံခံရမှုတွေဟာ ပုံစံအမျိုးမျိုးနဲ့ လူတစ်ဦး၊ လူတစ်စုအပေါ် တစ်ပြိုင်ထဲသက်ရောက်နေတတ်တယ်လို့ လက်ခံထားပါတယ်။ အမျိုးသမီးတွေရဲ့ ဖိနှိပ်ခံရမှုဟာ လူမှုလိင်တစ်မျိုးထဲကြောင့်မဟုတ်ဘဲ လူမျိုး၊ လူတန်းစား၊ ကိုးကွယ်ယုံကြည်မှု၊ စွမ်းဆောင်ရည်နဲ့ လိင်စိတ်တိမ်းညွှတ်မှုတို့နဲ့ပါ တစ်ပြိုင်နက်ထဲ ဆက်စပ်နေပါတယ်။ ဒါကြောင့် လူမှုလိင်ဆိုင်ရာ တရားမျှတမှုကို ဖော်ဆောင်ရာမှာ အခြားသော ခွဲခြားဆက်ဆံမှုတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားလေ့ရှိပါတယ်။ ဒါ့အပြင် ဘာသာရေးနဲ့ ယဥ်ကျေးမှုဆိုင်ရာ ကွဲပြားခြားနားမှုတွေကိုပါ နားလည်လက်ခံပြီး ဘာသာရေးနဲ့ ယဥ်ကျေးမှုဆိုင်ရာ အင်စတီကျူးရှင်းတွေထဲမှာ လူမှုလိင်ဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေကို ဖြေရှင်းနိုင်ဖို့ စကားဝိုင်းဆွေးနွေးပွဲတွေ ဆောင်ရွက်လေ့ရှိပါတယ်။

နောက်ဆုံးအနေနဲ့ ဗဟုဝါဒက လူမှုလိင်ဆိုင်ရာ တရားမျှတမှုကို ဖော်ဆောင်ရာမှာ မတူညီမှုတွေကို လက်ခံဖို့၊ နားလည်ဖို့ တစ်မျိုးထဲ ပြောနေတာမဟုတ်ဘဲ လူမှုလိင်တရားမျှတမှုကို ‌အခြေခံတဲ့ ပဋိပက္ခဖြေရှင်းရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဥ်တွေကိုပါ တက်ကြွစွာ‌ဆောင်ရွက်ပါတယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နဲ့ ပဋိပက္ခ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဥ်မှာ အမျိုးသမီးတွေ ပါဝင်မှုကို တိုက်တွန်းပြောဆိုနေကြသူတွေဟာ အမျိုးသမီးဝါဒီတွေချည်းမဟုတ်ဘဲ ဗဟုဝါဒကို ကိုင်စွဲကြတဲ့သူတွေပါ ရှေ့တန်းကနေ တန်းတူပါဝင်နေကြတာ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဖက်ဒရယ်စနစ်နှင့် သံတူကြောင်းကွဲနိုင်ငံရေးစနစ်များ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအချို့နှင့် အတွေ့အကြုံများ

ပိုမိုဖတ်ရှုရန်
2 mins read

အတွင်းပေါင်းစည်းမှု ဖက်ဒရယ်၏ လာရာနှင့်လားရာ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဝါဒ မူလအရင်းအမြစ်ပုံစံနှစ်မျိုး

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဝါဒ အခြေခံ

ပိုမိုဖတ်ရှုရန်
2 mins read

တန်းတူညီမျှမှုဆိုင်ရာ ဝိရောဓိများ

ပိုမိုဖတ်ရှုရန်
2 mins read

တန်းတူညီမျှမှု (Equality) ဆိုတာဘာလဲ?

ပိုမိုဖတ်ရှုရန်
2 mins read

ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း (Peaceful Coexistence)

ပိုမိုဖတ်ရှုရန်
2 mins read

တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ

ပိုမိုဖတ်ရှုရန်
2 mins read

လူထုအသံနား‌ထောင်တဲ့အစိုးရမျိုး

ပိုမိုဖတ်ရှုရန်