
ဖက်ဒရယ်ဝါဒ အခြေခံ
ကျယ်ပြန့်လှတဲ့ နယ်နိမိတ် ၊ ယဉ်ကျေးမှုနဲ့ လူမျိုးပေါင်းစုံရှိတဲ့ နိုင်ငံတစ်ခုကို စိတ်ကူးကြည့်ပါ။ ပညာရေး ၊ ကျန်းမာရေး၊ အခြေခံ အင်စတီကျူးရှင်းတွေနဲ့ ပတ်သတ်ပြီး တစ်ခုတည်းသော ဗဟိုအစိုးရက မိုင်ပေါင်းမြောက်များစွာ ဝေးကွာတဲ့ဒေသတွေအတွက် ဆုံးဖြတ်ချက်တွေ ချမှတ်နေတယ်ဆိုပါစို့။
ဒီလိုပဲ တိုင်းပြည်တစ်ခုတည်းမှာပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအသီးသီးရှိပြီး သူတို့ဘာသာ သူတို့ စီမံခန့်ခွဲနေကြ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်တွေချ ကိုယ့်အကျိုးစီးပွားအတွက်ပဲ လုပ်ကိုင်နေကြတယ်ဆိုပါစို့။
ဖက်ဒရယ်ဝါဒဆိုတာ ဒီနှစ်ခုကြားထဲမှာ ဟန်ချက်ညီ ထိန်းချုပ်ပေးတဲ့ အယူအဆပါ။ သူက ဗဟိုအစိုးရ တစ်ရပ်ထားမယ်။ သူ့ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတဲ့ ဒေသတွင်း အစိုးရတွေထားမယ်။ အဲဒီနှစ်ခုကြားမှာ အာဏာကို ခွဲဝေပေးတဲ့ စနစ်တစ်ခုကို တည်ဆောက်ပါတယ်။ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုအောက်မှာ အားလုံးနဲ့ သက်ဆိုင်တဲ့ အင်စတီကျူးရှင်းတွေကို တည်ဆောက် ပေးပါတယ်။
လူ့အဖွဲ့အစည်းတစ်ခုမှာ မတူတဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးတွေတင်မကဘူး၊ မတူညီတဲ့ စီးပွားရေးပုံစံတွေ၊ တန်ဖိုးတွေ ကွဲပြားနေတာပါ။ အဲဒါကို ဝေးကွာလှတဲ့နေရာကနေ အစိုးရတစ်ခုတည်းက စီမံခန့်ခွဲဖို့ဆိုတာ မလွယ်ပါဘူး။ ဒေသခံတွေရဲ့ အမှတ်အသားသရုပ်တွေ၊ ဒေသခံတွေရဲ့လိုအပ်ချက်တွေကို မမြင်နိုင်ပါဘူး။ ဒါကြောင့် ဒီအရာတွေကို တလေးတစား ထိန်းညှိပေးဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စုစနစ် ဆိုတာထွက်ပေါ်လာတာပါ။
သမိုင်းမှာလည်း အာဏာကို အစိုးရတစ်ခုတည်း ဗဟိုကနေ ချုပ်ကိုင်ထားခြင်းဟာ အာဏာပိုင်ဝါဒ (authoritarianism) နဲ့ အာဏာအလွဲသုံးစားလုပ်ခြင်းဆီ ဦးတည်သွားတတ်တာကို ပြနေပါတယ်။ ဖက်ဒရယ်ဝါဒက အာဏာပိုင်ဝါဒ မပေါ်လာအောင် တားဆီး ပေးပါတယ်။ ယဉ်ကျေးမှုတွေ ၊လူမျိုးတွေ၊ဒေသတွင်းလူ့အဖွဲ့အစည်းတွေမှာလည်း ဖက်ဒရယ်စနစ်က သူတို့ရဲ့ ကိုယ်ပိုင်ဘာသာစကား ၊ ဘာသာရေး နဲ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းပေးပါတယ်။
ဖက်ဒရယ်စနစ်ဆိုတာ အလိုလို ပြီးပြည့်စုံသွားပြီဆိုတာမျိုးမရှိပါဘူး။ သူ့ရဲ့ အောင်မြင်မှုဟာ ဒေသတွင်း အစိုးရနဲ့ ဗဟိုအစိုးရ ကြားထဲမှာ ဟန်ချက်ညီမှုတစ်ခု ဘယ်လို တည်ဆောက်မလဲ ဆိုတာနဲ့ ဆိုင်ပါတယ်။ ဖက်ဒရက်စနစ်ဆီသွားတော့မယ်ဆိုရင် အဓိကမေးခွန်း ကတော့ ဖက်ဒရယ်ဝါဒကို ကျွန်တော်တို့လိုအပ်သလား မလိုအပ်ဘူးလား ဆိုတာမျိုး မဟုတ်ပါဘူး။ ဘယ်လို ဖက်ဒရယ်စနစ်မျိုးကို ကျွန်တော်တို့လိုအပ်သလဲဆိုတာပါပဲ။