ဖက်ဒရယ်လစ်ဇင် (Federalism) ဆိုတာ အားလုံးလက်ခံနိုင်မယ့် မျိုးစေ့သေးသေးလေးတစ်ခုကို အရင်ဆုံးစိုက်ပျိုးတာဖြစ်ပါတယ်။ အဲ့ဒီမျိုးစေ့လေးကို ငါတို့ အစိတ်စိတ်အမွှာမွှာ ကွဲပြားသွားတာထက် အတူတကွ ရှင်သန်နေထိုင်ခြင်းဟာ ပိုပြီးကောင်းမွန်တယ်ဆိုတဲ့ အမျှော်အမြင်နဲ့ ရေလောင်းပေါင်းသင်ပေးရပါတယ်။ တဖြည်းဖြည်း အချိန်ယူပြုပြင်ရပါတယ်။
အိန္ဒိယဖက်ဒရယ်လစ်ဇင်ဟာ ဒီသဘောကနေစပါတယ်။ အလွယ်ဆိုရရင် အိန္ဒိယမှာ ဗြိတိသျှကတိုက်ရိုက်အုပ်ချုပ်တဲ့ ဗြိတိသျှအိန္ဒိယနဲ့ ဗြိတိသျှသစ္စာခံ မဟာရာဂျာတွေ အုပ်ချုပ်တဲ့ တစ်ဆင့်ခံ အိန္ဒိယပြည်နယ်တွေရှိကြပါတယ်။ ဗြိတိသျှလွတ်လပ်ရေးပေးပြီးတဲ့နောက်မှာ မင်းသားတွေ အုပ်ချုပ်တဲ့ ပြည်နယ်ပေါင်း ၅၆၅ ပြည်နယ် ရှိပါတယ်။
နေရူးနဲ့ ပတ်တဲလ်တို့လို အိန္ဒိယခေါင်းဆောင်တွေဟာ အဲ့ဒီပြည်နယ်လေးတွေ တိုင်းပြည်ကနေ အစိတ်စိတ်အမွှာမွှာ ခွဲထွက်မသွားဖို့ရာ ဗဟိုကနေ စတင်ဦးဆောင်တဲ့ အတွင်းပေါင်းစည်းမှုဖက်ဒရယ် (Holding-Together Federalism) ကိုစတင်ခဲ့ပါတယ်။ ဖက်ဒရယ်ဆိုတာ အိန္ဒိယအတွက် ရွေးချယ်မှု မဟုတ်ခဲ့ပါဘူးတဲ့။ နိုင်ငံရေးအရလိုအပ်ချက် (Political Necessity) လို့ဆိုပါတယ်။
စတင်ခဲ့တဲ့ဖက်ဒရယ်ဟာ နိုင်ငံ့အကျိုးအမြတ်ဆိုတာကို ဗဟိုအစိုးရမှာအာဏာရထားတဲ့ အမျိုးသားကွန်ဂရက်ပါတီရဲ့ အကျိုးအမြတ်အဖြစ်သာလျှင် ကျဉ်းမြောင်းစွာမြင်ကြပါသေးတယ်။ အာဏာကိုခွဲဝေထားပေမယ့် ဖက်ဒရယ်ရဲ့ စံတန်ဖိုးတစ်ခုဖြစ်တဲ့ “မတူကွဲပြားမှု” ဆိုတာကို ချီးမြှောက်ရမယ့်အရာအဖြစ်မမှတ်ယူဘဲ စိန်ခေါ်မှုအဖြစ်မြင်ခဲ့ကြပါတယ်။
အိန္ဒိယရဲ့ ဖက်ဒရယ်ဟာ လွတ်လပ်ရေးရစဉ်က အုတ်မြစ်ချခဲ့ပြီး၊ စစ်မှန်တဲ့ မိတ်ဖက်ဖက်ဒရယ်ဝါဒ (Partnership-based Federalism) ဖြစ်ပေါ်လာအောင် နှစ်ပေါင်း ၇၅ နှစ်ကျော်ကြာခဲ့ပါတယ်။ စကားတွေအများကြီးပြောခဲ့ကြရပါတယ်။ အချိန်တွေအများကြီးယူရတဲ့ တဖြည်းဖြည်းဖြစ်ထွန်းပြောင်းလဲမှုဖြစ်ပါတယ်။
နောက်ပိုင်းမှာ အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီရဲ့ တစ်ပါတီကြီးစိုးမှုတစ်စခန်းရပ်သွားခြင်း၊ ပြည်နယ်တွေမှာ အနိုင်ရတဲ့ပါတီ တွေများပြားလာပြီး ညွှန့်ပေါင်းအစိုးရဖြစ်လာခြင်းက အစပြုလို့ လွတ်လပ်တဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် ၁၉၉၀ခုနှစ် များမှာ ပိုပြီးအရှိန်အဟုန်နဲ့ အားကောင်းလာတာဖြစ်ပါတယ်။
ဖက်ဒရယ်ဝါဒဆိုတာ တိုင်းပြည်မပြိုကွဲဖို့၊ အာဏာရှင်မပေါ်ထွက်ဖို့ ဆိုတာအပြင် မတူညီတဲ့အကွဲအပြဲတွေကို ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနည်းလမ်း၊ အင်စတီကျူးရှင်းလမ်းကြောင်းတွေနဲ့ အချိန်ယူဖြေရှင်းဖို့ရာ အုတ်မြစ်ချပေးတဲ့ ဖြစ်စဉ်တစ်ခုအဖြစ် အိန္ဒိယဟာ ပုံဖော်နိုင်ခဲ့ပါတယ်။