
စတုတ္ထမဏ္ဍိုင်- လွတ်လပ်သော မီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်းများ
အမှောင်ထဲမှာ ဒီမိုကရေစီသေတယ်ဆိုတဲ့စကား အားလုံးကြားဖူးကြမယ်ထင်ပါတယ်။ လွတ်လပ်သော မီဒီယာနှင့် အရပ်ဘက်အဖွဲ့တွေဟာ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ကို မယိမ်းမယိုင်ရလေအောင် တစ်ဖက်တစ်လမ်းကနေ တာဝန်ယူစောင့်ကြပ်ပေးတဲ့ ဒီမိုကရေစီအိမ်စောင့်ခွေးတွေလို့လည်း ခေါ်လို့ရနိုင်ပါတယ်။ ဒီအင်စတီကျူးရှင်းတွေဟာ အစိုးရအဖွဲ့အစည်းအမျိုးမျိုး၊ ဗျူရိုကရေစီယန္တယားနဲ့ နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေကို တာဝန်ခံ၊ တာဝန်ယူမှုအပြည့်ရှိအောင် အမြဲစောင့်ကြည့်ပေးနေတဲ့ အဖွဲ့အစည်းတွေလို့လည်း ဆိုနိုင်ပါတယ်။ ဒီအပြင် ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်မှာ အရေးပါလှတဲ့ လူထုရဲ့ နိုင်ငံရေးရေချိန်နဲ့ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နိုင်မှုအားကောင်းအောင် တစ်ဖက်တစ်လမ်းကနေပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတွေလည်း ဖြစ်ပါတယ်။
လွတ်လပ်သောမီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာများ
● အဂတိလိုက်စားမှုတွေ၊ အာဏာအလွဲသုံးစားမှုတွေနဲ့ မလျော်သြဇာသုံးမှု၊ စီမံခန့်ခွဲမှုအလွဲတွေကို စောင့်ကြည့်ပြီး ထောက်ပြပေးပါတယ်။
● နိုင်ငံသားတွေကို နိုင်ငံရေးနဲ့ အခြေခံရပိုင်ခွင့်တွေအကြောင်း မီးမောင်းထိုးတင်ပြပေးတယ်။
● မူဝါဒချမှတ်သူတွေနဲ့ လူထုအကြားမှာ ဝေဖန်အကြုံပြုမှုနဲ့ ပြန်လှန်သုံးသပ်မှုကွင်းဆက်တစ်ခု feedback loop ဖြစ်လာအောင်ဆောင်ရွက်ပေးတယ်။
● အခွင့်အလမ်းနိမ့်ပါးသူ၊ နစ်နာဆုံးရှုံးရသူတို့ရဲ့ အသံတွေကိုဖော်ထုတ်ပေးတယ်။
● နောက်ဆုံးအနေနဲ့ လွတ်လပ်သော မီဒီယာနှင့် အရပ်ဘက်အဖွဲ့များဘယ်လောက် အားကောင်းမောင်းသန်ရှင်သန်လှုပ်ရှားနိုင်သလဲဆိုတဲ့ အချက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ပြန်လည်တိုင်းတာနိုင်တဲ့ အဓိကအကျဆုံးအချက် litmus test လို့တောင်ဆိုနိုင်ပါတယ်။
ဘာ့ကြောင့် ဖက်ဒရယ်အတွက် အရေးပါ
ဖက်ဒရယ်စနစ်ဆိုတာ နိုင်ငံရေးအာဏာကို ဗဟိုချက်တွေအများကြီးဖြန့်ခွဲပြီး ဝေမျှထားတဲ့စနစ်ဖြစ်လို့ မထိရောက်မှုတွေ၊ အာဏာအလွဲသုံးမှုတွေဟာ အလွှာတိုင်း၊ အဆင့်တိုင်းမှာဖြစ်နိုင်ပြီး အလွယ်တကူမမြင်သာတာတွေလည်း ရှိနိုင်ပါတယ်။ လွတ်လပ်တဲ့ မီဒီယာနှင့် အရပ်ဘက်အဖွဲ့တွေက အလွှာတိုင်း ထောင့်တိုင်းမကျန် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။
● ဖိလစ်ပိုင်နိုင်ငံမှာ စုံစမ်းဖော်ထုတ်တဲ့ ဂျာနယ်လစ်တွေနဲ့ အရပ်ဘက်အဖွဲ့တွေပေါင်းပြီး ဒေသန္တရနဲ့ ဗဟိုအစိုးရ အဆင့်ဆင့်မှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုရှိအောင်စောင့်ကြည့်၊ ထောက်ပြပေးပါတယ်။
● အင်ဒိုနီးရှားနိုင်ငံမှာလည်း အရပ်ဘက်အဖွဲ့အစည်းတွေ အလွန်အားကောင်းပြီး ၁၉၉၈ ခုလွန် ဗဟို ချုပ်ကိုင်မှုလျှော့ချရေးလုပ်ငန်းစဥ်တွေမှာ အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ခဲ့ကြတယ်။
မြန်မာနိုင်ငံအတွက် သင်ခန်းစာ
မြန်မာနိုင်ငံမှာလည်း လွတ်လပ်တဲ့ မီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းမောင်းသန်ဖွံ့ဖြိုးခဲ့တဲ့ ခေတ်တစ်ခေတ်ရှိခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၂ နောက်ပိုင်းပြုပြင်ပြောင်းလဲရေးတွေ စတင်ဆောင်ရွက်ခဲ့တဲ့အချိန်က စခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒီအဖွဲ့တွေဟာ နုနယ်တဲ့ မြန်မာ့ဒီမိုကရေစီခရီးလမ်းမှာ အရေးပါလှတဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ကြပြီး အနာဂတ်မှာလည်း အထက်မှာ ပြောခဲ့သလို ဒီအဖွဲ့အစည်းတွေ ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် ရှင်သန်လုပ်ကိုင်ဆောင်ရွက်နိုင်သလဲ ဆိုတဲ့အချက်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ရေချိန်ကို တိုင်းတာနိုင်မယ့် အချက်တစ်ခုဖြစ်ပါလိမ့်မယ်။