ဖက်ဒရယ်စနစ်နှင့် သံတူကြောင်းကွဲနိုင်ငံရေးစနစ်များ

2 min read | August 27, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

ဖက်ဒရယ်စနစ်နှင့်သံတူကြောင်းကွဲ
ဖက်ဒရယ်စနစ်နှင့် သံတူကြောင်းကွဲနိုင်ငံရေးစနစ်များ
Civic M က ဖက်ဒရယ်စနစ်အမျိုးမျိုးနဲ့ လက်တွေ့ကျင့်သုံးမှုပုံစံတွေ၊ ဆက်စပ်တဲ့နိုင်ငံရေးအတွေးအခေါ်တွေနဲ့ ဖက်ဒရယ်အခြေခံနှစ်မျိုးဖြစ်တဲ့ အတွင်းပေါင်းစည်းမှု ဖက်ဒရယ် (Holding Together Federal) နဲ့ အပြင်ပေါင်းစည်းမှုဖက်ဒရယ် (Coming Together Federal) စတဲ့ သိသင့်သိထိုက်တဲ့အချက်တွေကို တင်ဆက်လျက်ရှိရာမှာ ဒီတစ်ခါမှာတော့ ဖက်ဒရယ်စနစ်နဲ့ ဆင်တူသယောင်ရှိသော်လည်း ပုံစံမျိုးစုံနဲ့ ကွာခြားတဲ့၊ ဖက်ဒရယ်နဲ့ နှိုင်းယှဥ်စဥ်းစားနိုင်တဲ့ အခြားသော နိုင်ငံရေးစနစ်ပုံစံအချို့ကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒီစနစ်တွေအားလုံးဟာ ဗဟိုကချုပ်ကိုင်ထားတဲ့ နိုင်ငံရေးအာဏာနဲ့ စီးပွားရေးအရင်းအမြစ်တွေကို စီမံခန့်ခွဲ၊ အကျိုးခံစားခွင့်တွေကို ဘယ်လို ပြန်လည် ခွဲဝေကြမလဲဆိုတဲ့ ပုစ္ဆာကို ဖြေထားကြတဲ့ မတူတဲ့ အ‌ဖြေတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း တစ်ချို့ကိုအကန့်အသတ်နဲ့ လက်တွေ့စမ်းသပ်ကျင့်သုံးခဲ့ဖူးပါတယ်။
ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း (Decentralization)
နာမည်ကဖော်ပြထားတဲ့အတိုင်းပဲ ဗဟိုချုပ်ကိုင်မှုအားကြီးလွန်းတဲ့တိုင်းပြည်တွေမှာ ဗဟိုအစိုးရက ချုပ်ကိုင်ထားတဲ့ လုပ်ငန်းဆောင်တာအချို့ ကိုဒေသန္တရအစိုးရတွေနဲ့ အစိုးရယူနစ်တွေကို ပြန်လည်ခွဲဝေချထားပေးတဲ့ ပုံစံဖြစ်ပါတယ်။ ဥပမာ ဒေသဖွံ့ဖြိုးရေးအပြင် ကျန်းမာရေးကိစ္စ စတာတွေပါ ဒေသန္တရအစိုးရယူနစ်တွေကို လုပ်ပိုင်ခွင့်ခွဲဝေပေးတာမျိုးပါ။ မြန်မာနိုင်ငံမှာလည်း အတိုင်းအတာတစ်ခုအထိ စမ်းသပ်ကျင့်သုံးဖူးတာရှိပြီး နေပြည်တော်က လုပ်ငန်းဆောင်တာအချို့ကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေကို ခွဲဝေဆောင်ရွက်စေတာမျိုးဖြစ်ပါတယ်။ အနှစ်သာရအနေနဲ့ကတော့ ဒေသန္တရအစိုးရယူနစ်တွေဟာ ဗဟိုကပေးတဲ့ လုပ်ပိုင်ခွင့်အချို့ ပိုရလာတာရှိသော်လည်း ဗဟိုကပေးမှရတဲ့အချက်နဲ့ ရန်ပုံငွေနဲ့ တရားဝင်မှုအားလုံးကို ဗဟိုက ထောက်ခံပေးမှသာ ရှင်သန်ရတဲ့အချက်တွေကို မှတ်သားသင့်ပါတယ်။ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးဟာ အစိုးရလုပ်ငန်း‌ဆောင်တာ တစ်ချို့မှာ ထိရောက်မှုပိုမို အားကောင်းလာနိုင်တာမှန်ပေမယ့် ဖက်ဒရယ်ယူနစ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုတော့ အာမခံ‌ပေးနိုင်ခြင်း မရှိပါဘူး။
ဗဟိုမှအာဏာခွဲဝေဖြန့်ချပေးခြင်း (Devolution)
အထက်က ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနဲ့ များစွာဆင်တူသော်လည်း ပိုမိုပါတယ်။ ဒီနေရာမှာ ဗဟိုအစိုးရက ခွဲဝေပေးတာက လုပ်ငန်းဆောင်တာအချို့မဟုတ်ပဲ ဆုံးဖြတ်ချက်ချပိုင်ခွင့်အာဏာ ကိုပါလွှဲပေးတာမျိုးဖြစ်ပါတယ်။ လက်တွေ့မှာတော့ လွှဲပေးထားတဲ့ အာဏာတွေကို ဗဟိုကပြန်လည်ရုပ်သိမ်းခွင့်ရှိပါတယ်။ ဥပမာ-ဗြိတိန်က စကော့တလန်၊ ဝေးလ်နဲ့ မြောက်အိုင်ယာလန်တို့ကို အာဏာတွေအတော်များများလွှဲပေးထားသလိုမျိုးပါ။ အဆုံးတစ်နေ့မှာ လန်ဒန်ကပြန်လိုချင်ရင် လွှဲထားတဲ့ အာဏာတွေအားလုံးကို ပြန်ယူလို့ ရစေနိုင်တဲ့စနစ်ဖြစ်ပါတယ်။
ကွန်ဖက်ဒရေးရှင်း (Confederation)
ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တဲ့ အခြေအနေဖြစ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ ပြည်ထောင်တွေက ကိုယ့်သဘောနဲ့ကိုယ် ပြည်ထောင်စုထဲပေါင်းစည်းဝင်ရောက်တဲ့ ပုံစံပါ။ ဒါကို Coming together ဖက်ဒရယ်လို့လည်း ခေါ်နိုင်ပါတယ်။ ကွန်ဖက်ဒရိတ်အဖွဲ့ဝင်တွေဟာ အချုပ်အခြာအာဏာရဲ့ အချို့သော အစိတ်အပိုင်း‌တွေကိုပဲ ကျန်ပြည်ထောင်စုဝင်တွေနဲ့ ခွဲဝေကျင့်သုံး ကြတာဖြစ်ပြီး များသောအားဖြင့် ကုန်သွယ်ရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးစတဲ့ ကဏ္ဍအချို့မှာသာ ဗဟိုကိုအာဏာအပ်နှင်းထားတာ မျိုးဖြစ်လေ့ရှိပါတယ်။ ဥပမာအနေနဲ့ အစောပိုင်းကာလ ဆွစ်ဇာလန်နိုင်ငံနဲ့ လက်ရှိဥရောပသမဂ္ဂတို့ဟာ ဒီပုံစံတစ်စိတ်တစ်ပိုင်းဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။ ကွန်ဖက်ဒရေးရှင်းတွေမှာ ဗဟိုအစိုးရ ပြည်ထောင်စု/သမဂ္ဂ အစိုးရတွေမှာ အာဏာအချို့သာရှိပြီး ဖက်ဒရေးရှင်းဝင် ပြည်ထောင်အစိုးရတွေက အာဏာအများစုကို ချုပ်ကိုင်ထားကြတာတွေ့ရပါတယ်။
ဖက်ဒရယ်စနစ်ဟာ ဒီလိုစနစ်တွေထဲက မတူကွဲပြားတဲ့ စနစ်တစ်ခုဖြစ်ပြီး၊ ဗဟိုအစိုးရနဲ့ ဖက်ဒရယ်ယူနစ်တွေကြား အချုပ်အခြာအာဏာကို ဘယ်လိုခွဲဝေကျင့်သုံးကြမယ်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တိတိပပပြဋ္ဌာန်းသတ်မှတ်ထားတာရှိပါတယ်။ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနဲ့ ဗဟိုမှအာဏာခွဲဝေဖြန့်ချပေးခြင်းတွေမှာလို ဗဟိုအစိုးရကပေးမှရတဲ့ သဘောတရားမျိုးမရှိသော်လည်းပဲ ကွန်ဖက်ဒရေးရှင်းမှာလိုလည်း ဖက်ဒရယ်ပြည်ထောင်တွေမှာ အချုပ်အခြာအာဏာအများစုရှိနေတာမျိုးလည်း မဟုတ်ပါဘူး။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – ယဉ်ကျေးရည်မွန်ခြင်း (Civility)

ပိုမိုဖတ်ရှုရန်
2 mins read

နိုင်ငံသားတိုင်းအတွက် ဖက်ဒရယ် – Federalism for Citizens

ပိုမိုဖတ်ရှုရန်
2 mins read

ဒီမိုကရေစီအလေ့အကျင့်များ – စာနာနားလည်ပေးခြင်း (Empathy)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၇)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသော ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၆)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၅)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၄)

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ရှင်သန်အောင်မြင်ရေးအတွက် မရှိမဖြစ်အရေးပါသောဒီမိုကရက်တစ်အင်စတီကျူးရှင်းများ (၃)

ပိုမိုဖတ်ရှုရန်
2 mins read

လူသားဂုဏ်သိက္ခာကိုလေးစားခြင်း (Human Dignity)

ပိုမိုဖတ်ရှုရန်
2 mins read

ဗဟုဝါဒကင်းမဲ့သော လူ့အဖွဲ့အစည်း

ပိုမိုဖတ်ရှုရန်