ဇီဝလိင်နဲ့ လူမှုလိင် (Sex and Gender)

2 min read | June 15, 2025
မျှဝေရန် :

Audio Book နားထောင်ရန်

 

မြန်မာ့လူ့အဖွဲ့အစည်းရဲ့ မတူကွဲပြားမှုတွေကြားထဲ ဒီမိုကရေစီစံနှုန်းတွေကို ပိုမိုလက်ခံကျင့်သုံးလာစေဖို့၊ လူတွေအကြားမှာ အပြန်အလှန် ပြောဆိုဆွေးနွေး၊ အတူတကွ သင်ယူလေ့လာပြီး လူမှုတန်ဖိုးတွေနဲ့ ဒီမိုကရေစီတန်ဖိုးတွေ အားကောင်းလာစေဖို့ ရည်ရွယ်တာနဲ့အညီ ဒီမိုကရေစီနဲ့ အမြဲယှဥ်တွဲတည်ရှိအပ်တဲ့ ဗဟုဝါဒ (Pluralism) တန်ဖိုးတွေနဲ့ ကျား/မလူမှုလိင်ဆိုင်ရာ တရားမျှတမှု (Gender Justice/Gender Equality) တို့အကြားက အခြေခံအဆက်အစပ်ဖြစ်တဲ့ ဒီဆောင်းပါးမှာတော့ လူမှုလိင် (Gender) ရဲ့သဘောကို အနည်းငယ်အခြေခံကစပြီး မိတ်ဆက်တင်ပြသွားပါမယ်။

လူမှုလိင်အကြောင်းပြောတဲ့အခါ မဖြစ်မနေ နှိုင်းယှဥ်အသုံးပြုရတဲ့ အခြေခံက ဇီဝလိင် (Sex) ဖြစ်ပါတယ်။ ဇီဝဗေဒသဘောအရ လူသားတွေကို ဇီဝလိင်အားဖြင့် ကျားနဲ့မဆိုပြီး နှစ်မျိုးခွဲခြားရာမှာ အဓိကအားဖြင့် X နဲ့ Y ခရိုမိုဆုမ်း နှစ်ခုပါရင် ကျား၊ X ခရိုမိုဆုမ်းနှစ်ခုပဲပါရင် မ ဆိုပြီးခွဲခြားတာဖြစ်တယ်။ ခရိုမိုဆုမ်းတွေဟာ ဗီဇဆဲလ် DNA ထဲမှာ ပါဝင်ဖွဲ့စည်းတဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး လူတစ်ဦးချင်းစီရဲ့ မျိုးရိုးဗီဇအမှတ်လက္ခဏာကို မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်း သယ်ဆောင်ပေးပါတယ်။ ဒီနေရာမှာ လူမှုလိင် (Gender) ဆိုတာကတော့ အခုပြောတဲ့ဇီဝလိင် ကျား/မ ဖြစ်တည်မှုထက်များစွာ ပိုမိုကျယ်ဝန်းနက်ရှိုင်းပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာ ယောကျ်ားအဖြစ်လို့ ပြောလိုက်တာနဲ့ ယောကျ်ားတစ်ယောက်လို့ သတ်မှတ်ထားတဲ့ အမှတ်လက္ခဏာ၊ တန်ဖိုးတွေအကုန်လုံးနဲ့ တွဲဆက်ပြီး မြင်လေ့ရှိပါတယ်။ မိန်းမတစ်ယောက်ဆိုရင်လည်း အတူတူပဲပေါ့။ ဒီအရာတွေအားလုံးကို စိတ်ကူးစံ၊ လူ့အဖွဲ့အစည်းရဲ့ အထက်အောက်စနစ်လို့လည်းပြောနိုင်ပါတယ်။ စိတ်ကူးစံလို့ ပြောရခြင်းက သဘာဝတရားမှာရော၊ ဇီဝဗေဒသဘောမှာပါ ယောကျ်ား၊ မိန်းမတွေမှာ ဒီလိုဝိသေသလက္ခဏာတွေ ရှိတယ်လို့ သတ်မှတ်ပြဌာန်းထားခြင်း လုံးဝမရှိလို့ပါပဲ။ လူ့စိတ်ကူးကနေ ပေါ်ထွက်လာခဲ့တာဖြစ်တဲ့အတွက် ခေတ်နဲ့ နေရာဒေသကို လိုက်ပြီးလည်း များစွာရွေ့လျား ပြောင်းလဲလေ့ရှိပါတယ်။

ဥပမာ-ယောကျ်ားလို့ ဆိုလိုက်တာနဲ့ ယဥ်ကျေးမှုတွေကနေ ပြဌာန်းလိုက်တဲ့ အမှတ်လက္ခဏာတွေဖြစ်တဲ့ ယောကျ်ားဆန် တဲ့အခန်းကဏ္ဍတွေဖြစ်တဲ့ နိုင်ငံရေးမှာပါဝင်တာ၊ စီးပွားရေးကို ဦးဆောင်တာ၊ ပညာတတ်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိတာ၊ သူ့ရဲ့ရပိုင်ခွင့်တွေ ဖြစ်တဲ့ မဲပေးခွင့်၊ ဥစ္စာဓနပိုင်ဆိုင်ခွင့်တွေနဲ့ သူ့ရဲ့တာဝန်လို့ ယူဆထားတဲ့ နိုင်ငံတော်၊ လူမျိုးစုနဲ့ မိသားစုကို ကာကွယ်တာ၊ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ရတာတွေပါ တစ်ပါတည်း တန်းပေါ်လာပြီးသား ဖြစ်နေပါတယ်။ မိန်းမလို့ဆိုလိုက်တာနဲ့ မိန်းမဆန်တဲ့ ဝိသေသတွေလို့ လူ့အဖွဲ့အစည်းရဲ့ စိတ်ကူးစံကနေ သတ်မှတ်ထားတဲ့ ကလေးတွေကို ပြုစုပျိုးထောင်တာ၊ ကာကွယ်စောင့်ရှောက်ခံရတာ (အခွင့်အရေး) နဲ့ လင်‌ယောကျ်ား အပေါ်ရိုသေသစ္စာစောင့်သိရတာစတဲ့ အမှတ်လက္ခဏာတွေနဲ့ ယှဥ်တွဲမြင်လေ့ရှိပါတယ်။ ဒီအခန်းကဏ္ဍနဲ့ အမှတ် လက္ခဏာတွေကို ပြဌာန်းတာက ယဥ်ကျေးမှုနဲ့ စိတ်ကူးစံသတ်မှတ်ချက်တွေဖြစ်ပြီး သဘာဝတရားက သတ်မှတ်ထားတာမဟုတ်လို့ ဒါတွေကမတည်မြဲပဲ အကြီးအကျယ်ရွေ့လျား ပြောင်းလဲနေပါတယ်။ အောက်ပါဇယားမှာ သမိုင်းထဲက အေသင်နဲ့ ခေတ်ပြိုင်အေသင်မှာ ရှင်သန်ကြီးပြင်းခဲ့ကြတဲ့ အမျိုးသမီးတွေအတွက် ဒီတန်ဖိုးဖြတ်မှုနဲ့ အမှတ်လက္ခဏာတွေ ဘယ်လိုပြောင်းလဲလာတယ်ဆိုတာကို ကြည့်မြင်နိုင်ပါတယ်။ ဒီနေရာမှာ အေသင်ဥပမာကို သုံးရတာက ဒီမိုကရေစီရဲ့အခြေခံတန်ဖိုးတွေဖြစ်တဲ့ မဲပေးခွင့်၊ အစိုးရတာဝန်ထမ်းဆောင်ခွင့် စတာတွေကိုနှိုင်းယှဥ် ကြည့်နိုင်လို့ဖြစ်ပါတယ်။

ဇီဝလိင် (Sex) နဲ့ လူမှုလိင် (Gender) မတူပုံနဲ့ လူမှုလိင် (Gender) က အများကြီးပိုပြီး အရေးပါအရာရောက်ပုံကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်ပြီလို့ ထင်ပါတယ်။ ဇီဝလိင်သဘောအရ ကျားနဲ့မမှာ သဘာဝအရ မတူညီမှုအချို့ရှိပေမယ့် လက်ရှိ ခေတ်အဆက်ဆက် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကျား/မ မညီမျှမှု အားလုံးဟာ ယဥ်ကျေးမှု စိတ်ကူးစံတွေကနေဆင်းသက်လာတာကိုလည်း မြင်အောင်ကြည့်နိုင်ပါတယ်။ ကျား/မနဲ့ မတူညီတဲ့ လိင်စိတ်တိမ်းညွှတ်မှုတွေကို တန်းတူလက်ခံပေးနိုင်တာ၊ အခွင့်အရေးတန်းတူရအောင် အာမခံပေးနိုင်တာတွေဟာ ဒီမိုကရေစီ တိုင်းတောင်မဟုတ်ဘဲ ဗဟုဝါဒအားကောင်းတဲ့ ဒီမိုကရေစီအသိုက်အမြုံတစ်ခုကသာ ဆောင်ရွက်ပေးနိုင်တာဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများ

2 mins read

ဖက်ဒရယ်စနစ်နှင့် သံတူကြောင်းကွဲနိုင်ငံရေးစနစ်များ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအချို့နှင့် အတွေ့အကြုံများ

ပိုမိုဖတ်ရှုရန်
2 mins read

အတွင်းပေါင်းစည်းမှု ဖက်ဒရယ်၏ လာရာနှင့်လားရာ

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဝါဒ မူလအရင်းအမြစ်ပုံစံနှစ်မျိုး

ပိုမိုဖတ်ရှုရန်
2 mins read

ဖက်ဒရယ်ဝါဒ အခြေခံ

ပိုမိုဖတ်ရှုရန်
2 mins read

တန်းတူညီမျှမှုဆိုင်ရာ ဝိရောဓိများ

ပိုမိုဖတ်ရှုရန်
2 mins read

တန်းတူညီမျှမှု (Equality) ဆိုတာဘာလဲ?

ပိုမိုဖတ်ရှုရန်
2 mins read

ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း (Peaceful Coexistence)

ပိုမိုဖတ်ရှုရန်
2 mins read

တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ

ပိုမိုဖတ်ရှုရန်
2 mins read

လူထုအသံနား‌ထောင်တဲ့အစိုးရမျိုး

ပိုမိုဖတ်ရှုရန်