
ဒီတစ်ခါ ဆွေးနွေးချင်တဲ့အကြောင်းအရာကတော့ တစ်ခြားမဟုတ်ဘဲ ဆိုရှယ်၊ ဒီဂျစ်တယ်မီဒီယာပေါ်မှာတွေ့ရတတ်တဲ့ သုံးစွဲသူအုပ်စုအမျိုးအစားများထဲက သင်ဟာ ဘယ်လိုသုံးစွဲသူလဲဆိုတာကို အလွယ်နည်းနဲ့ လေ့လာဆန်းစစ်ဖို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ မိတ်ဆက်ပေးလိုတဲ့ ဆန်းစစ်နည်းတစ်ခုကတော့ လူမှုတက်ကနိုဂရပ်ဖစ်နည်း (Social Technographics) ပဲဖြစ်ပါတယ်။ တက်ကနိုဂရပ်ဖစ်နည်းလမ်းကို ကမ္ဘာကျော်စျေးကွက်သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Forrester Research Group ကသုံးစွဲတာဖြစ်ပြီး နည်းပညာ ပလက်ဖောင်းတွေပေါ်မှာ လူတွေပြုမူဆောင်ရွက်ကြပုံတွေကို အမျိုးအစားခွဲခြားတာဖြစ်ပါတယ်။
ယေဘုယျအားဖြင့် ဆိုရှယ်၊ ဒီဂျစ်တယ်မီဒီယာတွေပေါ်မှာရှိတဲ့ လူတွေကို သူတို့ရဲ့ ထည့်ဝင်ဖန်တီးမှု၊ ပါဝင်မှုပေါ်မူတည်ပြီး အုပ်စုခုနစ်စု ခွဲပါတယ်။ ဒါကိုပဲ လှေကားခုနစ်ဆင့်လို့လည်း ခေါ်ပါတယ်။ ထည့်ဝင်ဖန်တီးမှု အမြင့်ဆုံးသူတွေကို အပေါ်ဆုံးလှေကားထစ်တွေမှာ နေရာချထားတာမျိုးပါ။
ပထမအုပ်စု၊ အမြင့်ဆုံးလှေကားထိပ်ကအုပ်စုကတော့ ဖန်တီးသူအုပ်စုပါ၊ ဒီဘက်ခေတ်မှာတော့ content creator လို့ပြောနေကြတဲ့သူတွေကို ဆိုလိုပါတယ်။ သူတို့က ဘလော့တွေရေးမယ်၊ ဝက်ဘ်ဆိုက်တွေထောင်မယ်၊ ယူကျု၊ ဖေ့စ်ဘုတ်၊ တယ်လီဂရမ်နဲ့ X လိုနေရာမျိုးတွေမှာ ကိုယ်ပိုင်ချန်နယ်တွေ၊ ပေ့ချ်တွေ ထောင်ကြတယ်။ပြီးတော့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ ပေါ့ကတ်စ်လို အသံဖိုင်တွေဖန်တီးမယ်၊ ဆောင်းပါးတွေ၊ ဇာတ်လမ်းတွေလည်း ရေးကြမယ်ပေါ့။ စီးပွားဖြစ်လုပ်လုပ်၊ ဝါသနာအရလုပ်လုပ် သူတို့ဟာ ဖန်တီးသူအုပ်စုပါပဲ။ ဒီဘက်နောက်ပိုင်းတော့ ဖန်တီးသူအုပ်စုဟာ အနည်းနဲ့အများပလက်ဖောင်းတွေကနေ ဝင်ငွေတွေရလာကြတာလည်း တွေ့ရမှာပါ။ မြန်မာနိုင်ငံရဲ့ ဆိုရှယ်ဒီဂျစ်တယ် မီဒီယာသုံးသူတွေထဲမှာ ဒီအုပ်စုရဲ့ အရွယ်အစားဘယ်လောက်ရှိတယ် အတိအကျမသိရပေမယ့် ဒီလိုဖန်တီးသူ အုပ်စုတွေဟာ တစ်နေ့တစ်ခြား ပိုများလာနေတယ်ဆိုတာကိုတော့ တွေ့နိုင်ပါတယ်။
ဒုတိယအုပ်စုကတော့ စကားဖောင်သူ သို့မဟုတ် သူတစ်ပါးကို ဆက်သွယ်ပြောဆိုလိုသူအုပ်စုပါ။ သူတို့ကို conversationalist တွေလို့ခေါ်ပါတယ်။ သူတို့က ဖေ့စ်ဘုတ်၊ အင်စတာဂရမ်စတာတွေမှာ ပို့စ်တွေ update တွေ မှန်မှန်တင်မယ်၊ အများအားဖြင့်တော့ သူတို့ရဲ့ တစ်ကိုယ်ရေတစ်ကာယ အကြောင်းတွေဖြစ်မယ်၊ ဒါပေမယ့်သူတို့က အခုပြောတဲ့ အုပ်စုတွေထဲမှာ အတက်ကြွဆုံးမို့ သူတို့ update လုပ်တဲ့ အကြိမ်ရေက အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက်တောင်ရှိတတ်ပါတယ်။ သူတို့ဟာ အများနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို အဓိကဖန်တီးကြသူတွေ မဟုတ်ပေမယ့် သူတို့ရဲ့ လူမှုအဝန်းအဝိုင်းအတွက် သူတို့ရဲ့ ကိုယ်ရေးကိုယ်တာဆန်ဆန် မျှဝေမှုတွေက ဆိုရှယ်နဲ့ ဒီဂျစ်တယ်မီဒီယာတွေပေါ်မှာ အများဆုံးနေရာယူတဲ့ အကြောင်းအရာတွေဖြစ်ပြီး သင်တို့ရဲ့ News Feed တွေကိုကြည့်ရင်လည်း ဒါကို သိနိုင်ပါတယ်။
တတိယအုပ်စုကတော့ ဝေဖန်မှတ်ချက်ပေးကြသူတစ်စုပါ၊ သူတို့ကို Critics တွေလို့ခေါ်ကြတယ်။ သူတို့က ဆိုရှယ် ဒီဂျစ်တယ် content တွေကို ဝေဖန်ချက်၊ အကြံပြုချက်၊ မှတ်ချက်တွေပေးတဲ့သူတွေပါ၊ ဖိုရမ်တွေ မှာ ဝင်ဆွေးနွေးမယ်၊ rating တွေပေးမယ်၊ review တွေရေးမယ်စသဖြင့်ပေါ့။ တစ်ခုခုကို ဖန်တီးရတာထက် ရှိပြီးသားအရာအပေါ် တုံ့ပြန်မှတ်ချက်ပေးရတာက လူတွေအတွက် ပိုလွယ်တော့ ဒီအုပ်စုဟာ ပထမအုပ်စုထက်တော့ ပိုအရေအတွက် များတာ အမှန်ပါပဲ။ မြန်မာနိုင်ငံမှာလည်း ဒီအုပ်စုထဲမှာ အကျုံးဝင်တဲ့ သူတွေ အများကြီးရှိနေတယ်ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။
နောက်အုပ်စုလေးကတော့ စုဆောင်းသူအုပ်စုပါ၊ Collector တွေပေါ့၊ သိပ်မကြာခင်တစ်ခေတ်တုန်းက MP3 တွေ၊ အီးဘုတ်တွေ တွင်တွင်ကျယ်ကျယ်စုဆောင်းသူတွေကို တွေ့ဖူးမှတ်မိဖူးကြမယ်ထင်ပါတယ်။ နောက်ပိုင်းမှာလည်း မသွားမဖြစ်နေရာ ဆယ်ခုတို့၊ ၂၀ ရာစုရဲ့ အကောင်းဆုံးရုပ်ရှင် ၁၀၀ တို့လို အလားသဏ္ဍာန်တူခေါင်းစဥ်တွေတွေ့ရင် ဒါသူတို့တွေရဲ့ လက်ရာပဲလို့သိနိုင်ပါတယ်။ တကယ်တော့ ဒီ collector တွေဟာ နံပါတ်တစ်နဲ့ နံပါတ်သုံးအုပ်စုက ဖန်တီးထားတဲ့ အများနဲ့ဆိုင်တဲ့ အကြောင်းအရာ အချက်အလက်ပေါင်းများစွာကို သူတို့သန်ရာသန်ရာနည်းနဲ့ စုဆောင်း၊ စုဖွဲ့သိမ်းဆည်းပေးကြတာမို့ အရေးပါတဲ့အုပ်စုပါ။ သူတို့အုပ်စုက သိပ်အများကြီးမရှိတာတော့အမှန်ပါပဲ။ အခုနောက်ပိုင်းခေတ်စားတဲ့ Reaction သမားတွေဆို အုပ်စုသုံးနဲ့ လေးနှစ်ခုလုံးပါတဲ့သူတွေလို့ ပြောနိုင်မလားပဲ။ လူတစ်ယောက်ဟာ အုပ်စုတစ်ခုထက်ပိုပြီး ပါဝင်နေနိုင်တာကိုတော့ အသိအမှတ်ပြုရမှာပါ။
အုပ်စုငါးကတော့ ပါဝင်ဆင်နွှဲသူ joiner ပါ။ သူတို့မှာ ပုံမှန်အသက်ဝင်နေတဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေ၊ ပရိုဖိုင်တွေရှိပြီး အထက်ကအုပ်စုကသူတွေ ဖန်တီး၊ မျှဝေ၊ စုဆောင်းတဲ့ အကြောင်းအရာတွေကို ပုံမှန်စားသုံး၊ တုန့်ပြန်လေ့ရှိပါတယ်။ ပြီးတော့ Subscribe လုပ်တာ၊ Like ပေးတာ၊ ပြန်လည်မျှဝေတာတို့ စတဲ့ပုံစံတွေနဲ့ တက်ကြွစွာ ပါဝင်သုံးစွဲကြတဲ့သူတွေကို ဆိုလိုတာပါ။
အုပ်စုခြောက်က အထက်က အုပ်စုငါးနဲ့ ဆင်ပေမယ့် သူတို့က တက်ကြွစွာပါဝင်သူတွေမဟုတ်ပဲ တိတ်တဆိတ် ပါဝင်တဲ့ ပွဲကြည့်ပရိတ်သတ်တွေဖြစ်ပါတယ်။ သူတို့ကို spectator လို့ခေါ်ပါတယ်။ သူတို့ကလည်း ဝက်ဘ်ဆိုက်တွေ၊ ဘလော့တွေနဲ့ ဆိုရှယ်မီဒီယာအကြောင်းအရာတွေကို အမြဲမပြတ်စောင့်ကြည့်စားသုံးကြပေမယ့် အထက်က အုပ်စုငါးလို တက်ကြွစွာစားသုံးသူတွေတော့မဟုတ်ပါဘူး။ ဒီအုပ်စုက အခုထိဖော်ပြတဲ့ အုပ်စုခြောက်စုထဲမှာ အများဆုံးဖြစ်နိုင်တယ်လို့ မှန်းဆရနိုင်ပါတယ်။
နောက်ဆုံးနံပါတ်ခုနစ်အုပ်စုကတော့ မပါဝင်သူအုပ်စုပါ။ သူတို့ဟာ အင်တာနက်အွန်လိုင်း access ရှိပေမယ့် ဆိုရှယ်မီဒီယာကို လုံးဝမသုံးသူတွေ၊ သုံးခွင့်မရသူတွေလည်း ဖြစ်ပါတယ်။ အင်တာနက်ရှိပြီး ဆိုရှယ်မီဒီယာ မသုံးသူအရေအတွက် တနေ့တခြားနည်းလာတယ်ဆိုရနိုင်သော်လည်း သူတို့ဟာအုပ်စုတစ်စုအနေနဲ့ အမြဲရှိနေပါတယ်၊ မြန်မာနိုင်ငံမှာလည်း အကြောင်းအမျိုးမျိုးနဲ့ ဒီအုပ်စုထဲမှာ ရောက်နေသူတွေ ထုနဲ့ထည်နဲ့ ရှိနေပါသေးတယ်။
ဒီဆိုရှယ်တက်ကနိုဂရပ်ဖစ်လှေကား လေ့လာဆန်းစစ်မှုကို တစ်ဦးချင်း မိမိဖာသာဖြစ်စေ၊ မိမိတို့ပတ်ဝန်း ကျင်ကသူတွေကိုဖြစ်စေ လေ့လာရှုမြင်လို့ရသလို လူထုကို စည်းရုံးလိုတဲ့၊ ပညာပေးလိုတဲ့၊ အချက်အလက် မျှဝေလိုတဲ့ အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေအနေနဲ့လည်း ဒီလေ့လာဆန်းစစ်မှုကို မိမိတို့လုပ်ငန်းမှာ သင့်တော်သလို အသုံးချလို့ရနိုင်ဖို့ ဝေမျှလိုက်ရပါတယ်။