အင်တာနက်နဲ့ ဆိုရှယ်မီဒီယာ ထွန်းကားလာတဲ့ခေတ်ကြီးမှာ ကမ္ဘာအနှံ့က အတွေးအခေါ်ပေါင်းစုံ ၊ ယဉ်ကျေးမှုပေါင်းစုံဟာ မုန်တိုင်း တိုက်သလို နိုင်ငံတစ်နိုင်ငံကို ဝင်ရောက်ရိုက်ခတ်လာပါတယ်။ မြန်မာနိုင်ငံမှ မဟုတ်ပါဘူး ကမ္ဘာကြီးတစ်ခုလုံးဟာ အတွေးအခေါ်၊ ဘာသာရေး၊ လူမျိုး၊ ယဉ်ကျေးမှုအရ တိုးတိုးပြီး ကွဲပြားနေတဲ့ အခြေအနေ ဆိုက်လာပါတယ်။
လူ့အဖွဲ့အစည်းတွေ ဖြစ်ထွန်းတိုးတက်မှုကို လေ့လာကြည့်ရင် တစ်အုပ်စုနဲ့တစ်အုပ်စု အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ဖို့ ကြိုးပမ်းအားထုတ်တဲ့ လူ့အဖွဲ့အစည်းဟာ ဖွံ့ဖြိုးတိုးတက်သလို၊ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ဖို့ မကြိုးစားတဲ့ လူ့အဖွဲ့အစည်းတွေဟာ ချွေးသံရွှဲရွှဲ၊ သွေးသံရဲရဲနဲ့ ရုန်းကန်ကြရပါတယ်။
ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခြင်း (peaceful coexistence) ဆိုတာ နိုင်ငံသားတွေရဲ့ စုစည်းညီညွတ်မှုကို အားကောင်းလာဖို့ရာ ထိန်းသိမ်းပေးတဲ့အရာဖြစ်တယ်။ လူ့အဖွဲ့အစည်းတစ်ခုဟာ အတူတကွ ယှဉ်တွဲနေထိုင်လိုခြင်း မရှိတော့ဘူးဆိုရင် ဆိုးဝါးတဲ့ ဘေးအန္တရာယ် ကျရောက်လာတတ်ပါတယ်။ ငြိမ်းချမ်းပြီးတိုးတက်တဲ့ လူ့အဖွဲ့အစည်းဆိုတာ လူအချင်းချင်း အပြန်အလှန် နားလည်မှုနဲ့အတူ အတူတကွ ယှဉ်တွဲနေထိုင်လိုစိတ်ကြောင့်သာလျှင် ဖြစ်ပေါ်လာတာပါ။
တူညီတဲ့လူတွေသာ စုစည်းနေထိုင်ခြင်းထက် မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ၊ အတွေးအခေါ်ပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်းဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုမြန်ဆန်စေပါတယ်။ ကမ္ဘာကြီးနဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုလည်း ပိုပြီးဆွဲဆောင်နိုင်တယ်။ မတူတဲ့ ရှုထောင့်အမြင်တွေ ထိတွေ့ဆက်ဆံခြင်းအားဖြင့် ဆန်းသစ်တီထွင်မှုကိုလည်း အားကောင်းစေပါတယ်။ စစ်တမ်းတွေအရ ယဉ်ကျေးမှုပေါင်းစုံအုပ်စုတွေဟာ ယဉ်ကျေးမှုအုပ်စုတစ်ခုတည်းနဲ့ ယှဉ်ပြီး ပြဿနာတွေကို ဖြေရှင်းတဲ့အခါ ပိုပြီး မြန်ဆန်ကောင်းမွန်တာကို တွေ့ရတယ်။
အတူယှဉ်တွဲနေထိုင်လိုစိတ်ရှိတဲ့ လူ့အဖွဲ့အစည်းတွေဟာ ပိုပြီးတည်ငြိမ်တယ်။ ဖွံ့ဖြိုးတယ်။ ရန်လိုမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ကင်းဝေးတယ်။ အတူတကွ ယှဉ်တွဲနေထိုင်မှုဆိုတာ အပြန်အလှန် လေးစားမှု၊ ညှိနှိုင်းဆွေးနွေးမှု၊ လူသားဆန်မှုကို ပြုစုပျိုးထောင်ပေးမှသာလျှင် ဖြစ်ပေါ်လာတဲ့အရာပါ။အစိုးရပေါ်လစီ၊ ပညာရေး၊ စာအုပ် စာပေတွေကနေ အသေအချာ လေ့ကျင့်ပျိုးထောင်ပေးရမယ့် အရာဖြစ်ပါတယ်။
အတွေးအခေါ်နဲ့ယဉ်ကျေးမှုပေါင်းစုံ ရိုက်ခတ်နေတဲ့ ယနေ့ခေတ် ကမ္ဘာကြီးမှာ အတူတကွ ယှဉ်တွဲနေထိုင်လိုစိတ်ဆိုတာ လူ့အဖွဲ့အစည်းတစ်ရပ် ရှင်သန်ဖို့၊ တိုးတက်ဖို့အတွက် မရှိမဖြစ် နှလုံးသားတစ်ခုပါပဲ။ မတူညီပေမယ့်လည်း အတူတကွ ယှဉ်တွဲနေလိုစိတ်ဆိုတာ သတ္တိလိုတယ်၊ အပြန်အလှန်နားလည်မှုနဲ့ လူသားဆန်မှုလိုပါတယ်။ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်လိုစိတ်ကို ပွေ့ဖက်ထားခြင်းအားဖြင့် ငြိမ်းချမ်းမှု၊ ချမ်းသာကြွယ်၀မှုနဲ့ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာပါလိမ့်မယ်။