
Civic M ကနေ ပြီးခဲ့တဲ့အပတ်ကတည်းက ဒီမိုကရေစီအတွက်အရေးပါတဲ့ ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေ တည်ဆောက်နိုင်ဖို့ အရေးပါတဲ့ တန်ဖိုးတစ်ခုဖြစ်တဲ့ ဗဟုဝါဒနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေ တင်ဆက်ပေးနေတာဖြစ်ပါတယ်။
တကယ်လို့ ကွဲပြားခြားနားမှုကို လက်ခံပေးတဲ့ ဗဟုဝါဒအမြင်မရှိဘဲ ငါ့အမြင်သာလျှင်အမှန်ဆိုတဲ့ခံယူပုံ ဖြစ်ထွန်းနေတယ်ဆို အဲဒီလို လူ့အဖွဲ့အစည်းဟာ ပဋိပက္ခပေါင်းများစွာနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒီမိုကရေစီတန်ဖိုးတွေ၊ အလေ့အကျင့်တွေ ဆုံးရှုံးရပါလိမ့်မယ်။
ကွဲပြားခြားနားမှုကို လက်မခံတဲ့ လူ့အဖွဲ့အစည်းဟာ ကိုယ်နဲ့အမြင်မတူတဲ့သူတွေကို တခြားသူ (the other)၊ လူစိမ်း (stranger) ဒါမှမဟုတ် မကောင်းဆိုးဝါးအဖြစ် ပုံဖော်ကြပါလိမ့်မယ်။ အင်အားကြီးတဲ့လူမျိုး၊ အင်အားကြီးတဲ့အမြင်တစ်ခုက တစ်ခြားအမြင်တွေကို ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်ကြပါလိမ့်မယ်။
တစ်ခြားသူ (the other) လို့ အဓိပ္ပာယ်ဖွင့်ဆိုခံလိုက်ရပြီဆိုရင် အင်အားကြီးတဲ့အုပ်စုတွေက သူတို့ထက်နိမ့်ကျတဲ့သူ၊ သူတို့လို အခွင့်အရေးမရနိုင်တဲ့သူအဖြစ် သတ်မှတ်ကြပြီး တစ်ခြားသူ (the other) တွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ကြပါလိမ့်မယ်။ ပြောရေးဆိုခွင့်တွေကို ပိတ်ဆို့ကြပြီး အဖိနှိပ်ခံရတဲ့လူမျိုးနဲ့အုပ်စုတွေကနေ အမြဲတမ်းပြန်လှန်ခုခံတွန်းကန်ဖို့ ကြိုးစားကြပါလိမ့်မယ်။ အဲ့လိုလူ့အဖွဲ့အစည်းဟာ ပဋိပက္ခတွေနဲ့ အမြဲရှင်သန်နေရပါလိမ့်မယ်။
ဗဟုဝါဒသာ မဖြစ်ထွန်းရင် ဘုံအကျိုးအမြတ်၊ အတူတကွပေါင်းစည်းမှု၊ အပေးအယူလုပ်ခြင်းဆိုတဲ့ ဒီမိုကရေစီတန်ဖိုးစံတွေလည်း ခြစား သွားပါလိမ့်မယ်။ လူ့အဖွဲ့အစည်းဟာ အုပ်စုတစ်ခုနဲ့တစ်ခု အမြဲရန်လိုနေတဲ့ အနေအထားနဲ့ ရှင်သန်နေရမှာဖြစ်ပါတယ်။ ကိုယ်ဘက်သူ့ဘက် အသာရရေး ဝါဒဖြန့်ချီမှုတွေသာလျှင် လူ့အဖွဲ့အစည်းမှာ လွှမ်းမိုးနေပြီး ညီညွတ်တဲ့ လူ့အဖွဲ့အစည်းထက် အပိုင်းပိုင်းကွဲနေတဲ့ ပဋိပက္ခလူ့အဖွဲ့အစည်းကိုသာလျှင် ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
မတူကွဲပြားတဲ့အမြင်တွေ၊ ရှုထောင့်တွေကို လက်မခံဘူးဆိုတာ ငါ့အမြင်သာလျှင် အမှန်ဆိုတဲ့ အာဏာရှင်ယဉ်ကျေးမှုကို ဖြစ်ထွန်းစေပါတယ်။ ဒါကြောင့် အုပ်စုတစ်ခု၊ ပါတီတစ်ခုကသာလျှင် လွှမ်းမိုးသွားပြီး မတူတဲ့အမြင်တွေကို ဖိနှိပ်မယ်။ ချေမှုန်းမယ်။ သိက္ခာချမယ်။ လူ့အဖွဲ့အစည်းဟာ အာဏာရှင်စရိုက်သဘာ၀ဆီကို ဦးတည်သွားစေမှာဖြစ်ပါတယ်။
တစ်ခြားသော ရှုထောင့်အမြင်တွေကို တန်ဖိုးထားလေးစားပေးတဲ့ ဗဟုဝါဒဆိုတာ ပဋိပက္ခတွေကို အကြမ်းဖက်မှုဆီ မရောက်အောင် ထိန်းသိမ်းပေးတဲ့ ဒီမိုကရေစီ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ အကြမ်းဖက်ဖြေရှင်းပုံတွေဆီ ရောက်မသွားအောင် လေ့ကျင့်ပေးတဲ့ ဒီမိုကရေစီ ဂိမ်းတစ်ခုရဲ့ အရေးကြီးတဲ့ စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ ဗဟုဝါဒအမြင် မထွန်းကားတဲ့ လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းရေးဆိုတာလည်း အမှန်တကယ် မတည်ရှိနေနိုင်ကြောင်းဝေမျှလိုပါတယ်။
Civic M ပရိတ်သတ်တွေလည်း သိလို၊ ဆွေးနွေးလိုတဲ့ ဗဟုဝါဒအကြောင်းအရာတွေရှိရင်လည်း comment မှာ မျှဝေဆွေးနွေးပေးလို့ရကြောင်း ဖိတ်ခေါ်လိုက်ရပါတယ်။