
မုန့်ဝိုင်းကို ဝေခြမ်းရေး- ဖက်ဒရယ်ဘဏ္ဍာရေးစနစ်နှင့် အရင်းအမြစ်မျှတစွာခွဲဝေရေး အရေးပါပုံ
ဖက်ဒရယ်စနစ်မှာ နိုင်ငံရေးအရ ကိုယ်စားပြုမှုအပြင် ဘဏ္ဍာရေးအရ အရင်းအမြစ်တွေကို မျှမျှတတ ခွဲဝေနိုင်ဖို့လည်း အရေးပါပါတယ်။ မဟုတ်ရင် အနှစ်သာရမရှိတဲ့ ဖက်ဒရယ်ဖြစ်ပြီး ပဋိပက္ခတွေကိုသာ ရှောင်လွှဲမရဘဲ ကြုံရပါလိမ့်မယ်။ (ဒီအကြောင်းနဲ့ ဆက်စပ်ပြီး “စီးပွားရေးဖက်ဒရယ်- ဘယ်သူက ဘာတွေဘယ်လောက်ရ” ဆိုတဲ့ ပို့စ်တစ်ခု တက်ဆက်ဖူးပါတယ်။) ဒီပို့စ်မှာတော့ စီးပွားရေးအရင်းအမြစ်တွေနဲ့ ဘဏ္ဍာကို မျှမျှတတ ခွဲဝေနိုင်ဖို့အတွက် ဘယ်လိုဒီမိုကရေစီအင်စတီကျူးရှင်းတွေက ဘယ်လိုဆောင်ရွက်ကြတယ်ဆိုတဲ့ အင်စတီကျူးရှင်းရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးဖော်ပြမှာဖြစ်ပါတယ်။
ဖက်ဒရယ်ဘဏ္ဍာရေးစနစ်အလုပ်လုပ်ပုံ
– ဖက်ဒရယ်ဘဏ္ဍာရေးစနစ်မှာ ဖက်ဒရယ် ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်ပေးနိုင်တဲ့ အဖွဲ့အစည်း၊ အင်စတီကျူးရှင်းတွေကို သီးသန့်တည်ထောင်ထားလေ့ရှိကြပါတယ်။
– ဒီအဖွဲ့အစည်းတွေဟာ ဗျူရိုကရေစီယန္တရားလို့ခေါ်တဲ့ ဝန်ကြီးဌာနတွေနဲ့ ဆက်စပ်ပေမယ့် ယင်းတို့ရဲ့ အထက်မှာရှိပြီး သီးခြားလွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်တဲ့ အဆင့်အမြင့်ဆုံး ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်ပါတယ်။
– လုပ်ငန်းစဥ်တွေအနေနဲ့ ဖက်ဒရယ်ရန်ပုံငွေတွေကို ပြည်နယ်တွေနဲ့ ဖက်ဒရယ်ယူနစ်တွေ၊ ဒေသန္တရ အစိုးရတွေဆီကို ခွဲဝေပေးပါတယ်။
– ဖက်ဒရယ်ယူနစ်တွေ၊ ဒေသတွေကြားမှာ ဖွံ့ဖြိုးမှုအဆင့်အတန်း မတူကွဲပြားနေတာတွေကို ကွာဟချက်နည်းပါးစေဖို့အတွက် တရားမျှတမှုကို အခြေခံပြီး ရန်ပုံငွေတွေကို ခွဲဝေပေးပါတယ်။
– အခွန်တွေ၊ အခတွေ၊ အမတော်ကြေးတွေစတဲ့ ဘဏ္ဍာငွေအရင်းအမြစ်တွေကို ဘယ်လို ခွဲဝေသုံးစွဲ ရမယ်ဆိုတဲ့ မူဝါဒတွေ ချမှတ်ပေးပါတယ်။
ဖက်ဒရယ်ဘဏ္ဍာရေးစနစ် ဘာကြောင့်ဖက်ဒရယ်အတွက်အရေးပါ
စီးပွားရေးအရ မညီမျှမှုတွေဟာလည်း နိုင်ငံရေးအကြောင်းတရားတွေနည်းတူ ပဋိပက္ခတွေကို ပေါက်ဖွားစေတဲ့ အဓိကအခြေခံအကြောင်းတရား ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ကို အောင်မြင်စွာကျင့်သုံးနေကြတဲ့ နိုင်ငံတွေမှာ ဘယ်လို ဖက်ဒရယ်ဘဏ္ဍာရေးအင်စတီကျူးရှင်းတွေ၊ ရန်ပုံငွေစနစ်တွေကို ဖွဲ့စည်းတည်ထောင်ထားကြတယ်ဆိုတာ အောက်မှာ ဥပမာအချို့ပေးထားပါတယ်။
– အိန္ဒိယနိုင်ငံမှာ (ဖက်ဒရယ်) ဘဏ္ဍာရေးကော်မရှင်က ပြည်နယ်တွေကြားက ရန်ပုံငွေခွဲဝေမှုကို ငါးနှစ်တစ်ခါ ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးပါတယ်။
– အင်ဒိုနီးရှားနိုင်ငံမှာ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဆောင်ရွက်ပြီးချိန်မှာ စီရင်စုနယ်မြေတွေကြားမှာ ဖွံဖြိုးတိုးတက်မှုညီမျှစေဖို့အတွက် ဒေသအခေါ် DAU လို့ခေါ်တဲ့ ဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ရေး ရန်ပုံငွေစနစ်တစ်ခုကို တည်ထောင်ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ အခြေခံအဆောက်အဦလို လုပ်ငန်းတွေကို စီရင်စုနယ်မြေတွေ ကိုယ်တိုင်စီမံခန့်ခွဲနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံအတွက်သင်ခန်းစာ
မြန်မာနိုင်ငံမှာ ပြည်ထောင်စု ဘဏ္ဍာရေးကော်မရှင်နဲ့ လွှတ်တော်တွေမှာ ဖွဲ့စည်းထားတဲ့ ဘတ်ဂျက်နဲ့ ပြည်သူ့ငွေစာရင်းဆိုင်ရာ ကော်မတီတွေကနေ ဖက်ဒရယ်ဘဏ္ဍာရေးစနစ်လိုမျိုးပုံစံကို ဖော်ဆောင်ဖို့ ကြိုးစားဖူးပေမယ့် တစ်ခြားသောခေတ်ပြိုင်အလားတူ အင်စတီကျူးရှင်းတွေ၊ အဖွဲ့အစည်းတွေလိုမျိုးပဲ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုအတွေ့အကြုံနည်းပါးပြီး ဗဟိုချုပ်ကိုင်မှုနဲ့ ဗဟိုက ဆုံးဖြတ်တဲ့ ခွဲဝေမှုပုံစံမျိုးနဲ့သာ ပိုမိုနီးစပ်ခဲ့တာကို တွေ့ရှိနိုင်ပါတယ်။ ပြည်နယ်တွေ (ဖက်ဒရယ်ယူနစ်တွေ) က သူတို့လိုလားတဲ့ ဘဏ္ဍာငွေနဲ့ အရင်းအမြစ်ခွဲဝေမှုပုံစံမျိုးကို တန်းတူရည်တူ တောင်းဆိုညှိနှိုင်းမှုကို လက်ခံဆောင်ရွက်ပေးနိုင်မယ့် ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေ ထွန်းကားပြီး အားကောင်းလာမှသာ ဖက်ဒရယ်စနစ်ရဲ့ အခြေခံလိုအပ်ချက်တစ်ခုဖြစ်တဲ့ စီးပွားရေးအရ တရားမျှတမှုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။